၀န်ထမ်းတစ်ယောက်အနေနှင့် ကိုယ့်ရဲ့ရုံးပိတ်သည့်အားလပ်ရက်လေးတွေမှာ ဘာတွေလုပ်ဖို့စိတ်ကူးရှိကြမလဲ?

အလုပ်ခွင်မှာပင်ပန်းလာတဲ့စိတ်ကိုအနားပေးဖို့ အားကစားလုပ်ခြင်းကလည်း စိတ်ကိုအပန်းပြေစေပါတယ်။ အလုပ်ရှင်တိုင်းကလည်း ကုမ္ပဏီကပြုလုပ်တဲ့ အားကစားလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နိုင်တဲ့သူတွေကို ကြိုက်ကြပါတယ်။ ဒါပေမယ့် တစ်ချို့သောသူတွေကတော့ အေးအေးဆေးဆေး သီးသန့်လုပ်လို့ ရမယ့်နေရာတွေကို ရှာဖွေနေတက်ကြပါတယ်။ ဒီလိုပြုလုပ်ချင်တဲ့သူတွေအနေနှင့်  ယောဂလေ့ကျင့်နိုင်ပါတယ်။ ယောဂလေ့ကျင့်တာဟာ ခန္ဓာကိုယ်ကျန်းမာသလို ပင်ပန်းနေတဲ့စိတ်အတွက်လည်းဖြေလျှှော့ပေးနိုင်မည့် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ကျန်းမာတဲ့ခန္ဓာကိုယ်နှင့် လန်းဆန်းတဲ့စိတ်ဟာ မိမိအလုပ်ကိုပိုပြီး အာရုံစိုက်လုပ်နိုင်စေတဲ့အတွက် အောင်မြင်တဲ့လုပ်ငန်းခွင်တစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။ 

အားလပ်ရက်လေးတွေကို အကျိုးရှိရှိအသုံးချဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ခရီးသွားဝါသနာပါသူများအတွက် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်လေးတွေမှာ ကိုယ့်မိသားစုနဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ခရီးတိုလေးတွေအတူသွားခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူတွေနဲ့ ခရီးသွားခြင်းဟာ ဒေသန္တရဗဟုသုတတွေရနိုင်တဲ့အပြင် စိတ်ကိုပျော်ရွှင်စေမည့် အကောင်းဆုံး အပန်းဖြေနည်းတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ပျော်ရွှင်နေတဲ့စိတ်နဲ့ အလုပ်လုပ်တဲ့အခါ အောင်မြင်မှုကို ပိုပြီးရနိုင်ပါတယ်။

သို့သော် ခရီးအမြဲထွက်နေရတဲ့ဝန်ထမ်းတွေအတွက်တော့ အားလပ်ရက်လေးတွေမှာ အိမ်မှာပဲအေးအေးဆေးဆေးနား နေချင်တဲ့သူတွေလည်းရှိမှာပါ။ ဒါကြောင့်အိမ်မှာအနားယူရင်းလည်း စိတ်လက်ပေါ့ပါးစေမယ့် ရသစာပေလေးတွေ ဖတ်နိုင်သလို ဟင်းချက်ဝါသနာပါသူတွေကတော့ အိမ်ကမိသားစုထမင်းဝိုင်းအတွက်လက်စွမ်းပြပြီး နွေးထွေးတဲ့ မိသားစုဘဝလေးကို အကျိုးရှိရှိဖန်တီးနိုင်ပါတယ်လို့ အကြံပြုပါရစေ။

ဒါတင်မကပါဘူး လုပ်ငန်းခွင်အတွေ့အကြုံများအပြင် အခြားသောပြင်ပဗဟုသုတတွေကိုသင်ယူလေ့လာနေခြင်းဟာ ဘဝတိုးတက်ဖို့များစွာအထောက်အကူပေးနိုင်ပါတယ်။ ကုမ္ပဏီတွေအနေနှင့်လည်း  အထူးချွန်ဆုံးဆိုတဲ့ ဝန်ထမ်းတွေကို တစ်နေ့ထက်တစ်နေ့ပိုပြီး ရှာဖွေလာနေကြပါတယ်။ ဒါကြောင့် မိမိဘဝ တိုးတက်ဖို့အတွက် အားလပ်ချိန်လေးတွေမှာ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်နိုင်တဲ့ ပညာရပ်တစ်ခုခုကို လေ့လာဆည်းပူးသင့်ပါတယ်။ ဒီလိုပြင်ပမှခေတ်နှင့်အညီ တိုးတက်လာတဲ့ ဘာသာရပ်တွေကို လေ့လာသင်ယူရင်းဖြင့်  မိတ်ဆွေကောင်းတွေ ဆုံတွေ့နိုင်သလို ဘဝတိုးတက်ဖို့ အဆက်အသွယ်ကောင်းတွေပါ ရရှိလာနိုင်ပါတယ်။

အထက်ပါ အချက်လေးတွေအတိုင်း ကိုယ့်ရဲ့ အားလပ်ချိန်တွေကို အကျိုးရှိရှိအသုံးချမယ်ဆိုရင်တော့ လုပ်ငန်းခွင် ပြန်ရောက်ချိန်မှာ အကြံဉာဏ်သစ်တွေနဲ့အတူ စိန်ခေါ်မှုတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။