အောက်တိုဘာ ၂၇ ရက်နေ့ မှုခင်းသတင်းများ

-အောက်တိုဘာ ၂၆ ရက် ၁၆၅၀ နာရီတွင် ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်နေ ဦးကျော်မင်းဦး(၆၂)နှစ်သည် မြောက်ပိုင်း ရပ်ကွက်၊ ရစဖရုံးအနီးရှိ ဈေးဆိုင်၌ ဈေးဝယ်နေစဉ် အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိ လာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ရာ ဦးကျော်မင်းဦးတွင် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ပေါင်ရင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၆ ရက် ၁၄၀၀ နာရီတွင် ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ဦးဝင်းအောင်(ခ)ရာကျော်(၄၇)နှစ်သည် ရစဖရုံးသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အောင်မင်္ဂလာရပ်ကွက်ရှိ “သီဟမုနိ”ဘုရား လမ်းကြားအရောက်၌ အကြမ်းဖက်သူ ၂ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး လက်လုပ်သေနတ်ဖြင့် ပစ်ခတ်သတ်ထွက်ပြေးသွားခဲ့ရာ ဦးဝင်းအောင်(ခ)ရာကျော်တွင် ရင်အုံ၊ ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၆ ရက် ၁၄၁၀ နာရီတွင် မုံရွာမြို့၊ သလ္လာရပ်ကွက်နေ ဦးစိုးမြင့်(၅၈)နှစ်၊ ရွှေမျှောတိုက်လုပ်ငန်းလုပ်ကိုင်သူ၏ နေအိမ်သို့ အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးမှ လက်လုပ်သေနတ်များ ကိုင်ဆောင်၍ HARRIER အမျိုးအစား(ခဲရောင်) ယာဉ်ဖြင့် ရောက်ရှိလာကာ ဦးစိုးမြင့်၏ ဇနီးဖြစ်သူ ဒေါ်ခင်လေးဇော်(၅၆)နှစ်နှင့် ယောက်ဖဖြစ်သူ အောင်သိုက်ထွန်း (ခ)သက်ရှည်(၄၀)နှစ်တို့ ၂ ဦးအား ဇလုပ်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဦးစိုးမြင့်သည် ငွေကြေးချမ်းသာသူဖြစ်သဖြင့် အကြမ်းဖက်သူများမှ ငွေကြေးတောင်းခံရန်အတွက် ၎င်း၏ မိသားစုဝင်များအား ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၆ ရက် ၁၇၀၀ နာရီတွင် မြိုင်မြို့နယ်၊ သရက်ကွကျေးရွာအား ရွာ၏ အရှေ့ဘက်မီတာ ၇၀၀ ခန့် အကွာ တောတိုက်မှ လည်းကောင်း၊ အရှေ့ဘက် မီတာ ၃၀၀ ခန့်အကွာ တောတိုက်ဘက်မှ လည်းကောင်း၊ အရှေ့တောင်ဘက် မီတာ ၃၀၀ ခန့်အကွာ တောတိုက်ဘက်မှ လည်းကောင်း လက်လုပ်စိန်ပြောင်း၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာ အတွင်းရှိ နေအိမ် ၃ လုံးမှ အမိုးသွပ်များ ပျက်စီးခဲ့ကြောင်း သိရှိရ။