အာဖဂန်ရွှေ့ပြောင်းနေထိုင်သူတွေကို ပါကစ္စတန်မောင်းထုတ်မယ့်အရေး တာလီဘန်တွေလက်မခံ

အာဖဂန်နစ္စတန်နိုင်ငံဘက်မှ ရွှေ့ တရားမ၀င် ပြောင်းနေထိုင်သူတွေကို အတင်းအကျပ် မောင်းထုတ်ဖို့ ပါကစ္စတန်ရဲ့ ခြိမ်းခြောက်မှုဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကဘူးလ်မြို့တော်ရှိ တာလီဘန်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ လုံခြုံရေးပြဿနာတွေအတွက် အာဖဂန်နိုင်ငံသားတွေကို ထည့်ပြောပြီး အပြစ်မတင်သင့်ကြောင်းလည်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံထဲမှာ တရားဝင် အထောက်အထားမရှိဘဲ ရွှေ့ပြောင်းနေထိုင်ကြတဲ့ အာဖဂန်သူ၊ အာဖဂန်သား ၁ ဒသမ ၇၃ သန်းရှိကြောင်း ခန့်မှန်းထားပေမဲ့ ပါကစ္စတန် အိမ်စောင့်အစိုးရတော့ လာမယ့်နိုဝင်ဘာ ၁ ရက်နောက်ဆုံးထားပြီး အဲဒီရွှေ့ပြောင်းသူတွေကို လုံးဝထွက်ခွာစေဖို့ (ဒါမှမဟုတ်) အတင်းအကျပ် မောင်းထုတ်ဖို့ ကြေညာခဲ့ပါတယ်။

“အာဖဂန်ဒုက္ခသည်တွေအပေါ် ပါကစ္စတန်ရဲ့ အပြုအမူက လက်မခံနိုင်စရာပါပဲ” လို့ ကဘူးလ်မြို့ရှိ တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က (အရင်တွစ်တာလို့ခေါ်တဲ့) လူမှုမီဒီယာပလက်ဖောင်း X ပေါ်မှာ ပို့စ်တစ်ခုတင်ပြီး ပြောကြားခဲ့ပါတယ်။

အဲဒီလို မောင်းထုတ်မယ့်အစီအစဉ်ကို မျှတစေဖို့အတွက် ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Sarfraz Bugti က အာဖဂန်နိုင်ငံသားတွေဟာ အခုနှစ်အတွင်း ပါကစ္စတန်ထဲဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲမှု ၂၄ ကြိမ်အနက် ၁၄ ကြိမ်ကို ကျူးလွန်းခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

အဲဒီစွပ်စွဲချက်ကို တာလီဘန်ပြောရေးဆိုခွင့်ရှိသူက ပယ်ချခဲ့ပါတယ်။