အသည်းရောင်အသားဝါဘီပိုး- HBV

အသည်းရောင်အသားဝါ ဘီပိုးဆိုသည်မှာ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး ကူးစက်ရောဂါတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး
ကူးစက်ရောဂါများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းတွင် အသည်းရောင်အသားဝါ ဘီပိုးကြောင့် တစ်နှစ်လျှင် သေဆုံးသူ
ဦးရေ ၆ သိန်းခန့် ရှိတယ်လို့ သိရှိရပါတယ်။

ရောဂါပိုးကူးစက်ခံရသူ၏ ၉၅% မှာ အလိုအလျောက် ပျောက်ကင်းနိုင်ပြီး ကိုယ်ခံစွမ်းအား ရရှိသွားပါတယ်။ ကျန် ၅% မှာ နာတာရှည် ဘီပိုး
သယ်ဆောင်သူဖြစ်သွားပြီး အဆိုပါ ဘီပိုးသယ်ဆောင်သူများ၏ ၅% ခန့်သည် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာရောဂါများ ဖြစ်ပွားတတ်
ပါတယ်။

အသည်းရောင်အသားဝါဘီပိုးသည် HIV ပိုးထက် အဆတစ်ရာပို၍ ကူးစက်နိုင်ပါတယ်။ ဘီပိုးသည် ခန္ဓာကိုယ် ပြင်ပတွင် အနည်းဆုံး ၇ ရက်ခန့်
အသက်ရှင်နိုင်၍ အခြားလူတစ်ဦးကို ကူးစက်နိုင်ပါတယ်။

အသည်းရောင် အသားဝါဘီပိုး ကူးစက်နိုင်တဲ့ နည်းလမ်းများမှာ
– အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။
– ရောဂါပိုးရှိသူ အသုံးပြုထားသော ဆေးထိုးအပ်ကို ထပ်မံအသုံးပြုခြင်း(သို့မဟုတ်) မတော်တဆ အပ်စူးမိခြင်း။
– ဆေးမင်ကြောင်ထိုးခြင်း၊ အရေးပြားဖောက်၍ အလှဆင်ကွင်းများတတ်ခြင်း၊ အပ်စိုက်ကုသခြင်း။
– ရောဂါပိုးရှိသူ အသုံးပြုထားသော သွားပွတ်တံ၊ မုတ်ဆိတ်ရိတ် ပစ္စည်းများကို အသုံးပြုမိခြင်း။
– သန့်ရှင်းမှုအားနည်းသော ရောဂါပိုးရှိသည့် ခွဲစိတ်ခန်းသုံး ပစ္စည်းများ၊ သွားဆေးကုပစ္စည်းများအား အသုံးပြုမိခြင်း။
– ရောဂါပိုးရှိသော သွေးသွင်းမိခြင်း။
– ရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ကလေးကို ကူးစက်ခြင်း။
– ကျန်းမာရေးဝန်ထမ်းများသည်လည်း မသန့်ရှင်းသော ဆေးထိုးအပ်စူးမိခြင်း၊ သွေးနှင့် ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာများ
အသည်းရောင် အသားဝါဘီပိုးသည် ရောဂါလက္ခဏာ လုံးဝမပြဘဲ သွေးလှူရန်သွေးစစ်မှ၊ အလုပ်ခွင်တွင် သွေးစစ်မှ၊ ခွဲစိတ်ခံရခြင်း မပြုမီ
သွေးစစ်မှ အသည်းရောင်အသားဝါ ဘီပိုးရှိသည်ကို တွေ့ရှိရတတ်ပါတယ်။
အသည်းရောင်ခြင်း၏ ရောဂါလက္ခဏာများမှာ ဆီးဝါခြင်း၊ မျက်လုံးဝါခြင်း၊ အသားဝါခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊
ညာဘက်နံစောင်းအောင့်ခြင်းတို့ ဖြစ်ပါတယ်။
နာတာရှည်အသည်းရောင်သည့် လူနာများတွင် အသည်းခြောက်ခြင်းရောဂါ ဖြစ်ပွားတတ်ပါတယ်။ အသည်းခြောက်ခြင်း၏ နောက်ဆက်တွဲ
အဖြစ် ရေဖျဉ်းဆွဲခြင်း၊ ဖောရောင်ခြင်း၊ သွေးအန်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်တတ်ပါတယ်။ အသည်းကင်ဆာဖြစ်ခြင်းမှာ အသည်းခြောက်ပြီးမှ
ဖြစ်နိုင်သလို အသည်းမခြောက်ဘဲ အသည်းကင်ဆာဖြစ်သွားတတ်တာလည်း ရှိပါတယ်။

အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေး
အသည်း‌ရောင်အသားဝါဘီ ကာကွယ်ဆေးကို မွေးခင်းစကလေးအားလုံးကို ကာကွယ်ဆေးထိုးပေးနေပြီ ဖြစ်ပါတယ်။ မည်သည့်အရွယ်တွင်မဆို
ကာကွယ်ဆေး မထိုးရသေးလျှင် ဘီပိုး ရှိ/မရှိ သွေးစစ်ပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် အသည်းရောင်အသားဝါ ဘီပိုးအား ကာကွယ်နိုင်ပါတယ်။

ကာကွယ်ခြင်း
သွေးနှင့် သွေးဆက်စပ်ပစ္စည်းများမှ ကူးစက်နိုင်သောကြောင့် မလိုအပ်ဘဲ သွေးလုံးဝမသွင်းပါနှင့်၊ ဆေးမထိုးပါနှင့်၊ အပျော်အပါး မလိုက်စားပါနှင့်။
သွေးစစ်ကြည့်မှ သိနိုင်ပါတယ်။ လက္ခဏာ မပြဘဲ ရှိနိုင်ပါတယ်။ နာတာရှည် အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ပြီး အသက်
ဆုံးရှုံးနိုင်ပါတယ်။

နာတာရှည်အသည်းရောင် အသားဝါဘီပိုး မိမိတွင် တွေ့ရှိလျှင်
နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် ပြသပါ။ ယနေ့အချိန်တွင် နာတာရှည် အသည်းရောင်အသားဝါဘီပိုးကို ကုသနိုင်သည့် ဆေးဝါးများ ရှိပါတယ်။
နာတာရှည် အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ခြင်းတို့ကို အထိုက်အလျောက် လျှော့ချပေးနိုင်ပါတယ်။
အသည်းရောင်အသားဝါဘီပိုးရှိသူ၏ မိသားစုဝင်များသည် သက်ဆိုင်ရာဆရာဝန်နှင့် ပြသတိုင်ပင်၍ ပိုး ရှိ/မရှိ စစ်ဆေးသင့်ပါတယ်။