အမြန်လမ်း၌ ယာဥ်တိမ်းမှောက်မှု ၂ ခုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ (မေ ၁၂ ရက်) မနက်ပိုင်းအတွင်း၌ပင် ယာဥ်တိမ်းမှောက်မှု ၂ ခုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း MFSD သတင်းအရ သိရသည်။

ပထမဖြစ်စဥ်သည် မိုင်တိုင်အမှတ်(၁၃/၄)၌ ယနေ့နံနက် ၅ နာရီခွဲအချိန်ခန့်တွင် ယာဉ်(၁)စီး Slip ဖြစ်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဥ်အတွင်း ယာဉ်ပေါ်ပါ ကျား(၇)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၁၁)ဦးအနက် မ(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို ကူညီပို့ဆောင်ပေးခဲ့ရသည်ဟုဆိုသည်။

အလားတူ ယနေ့ (မေ ၁၂ ရက်) နံနက် ၇ နာရီခွဲဝန်းကျင်အချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၃/၄)နှင့် (၂၁၃/၅)ကြား၌ EDUINOX အမျိုးအစား အဖြူရောင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်ခုံကိုတိုက်မိကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဥ်အတွင်း ယာဉ်ပေါ်ပါ ကျား(၃)ဦးအနက် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် အမြန်လမ်းမကြီးသူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို ကူညီပိုဆောင်ပေးခဲ့ရကြောင်း သိရသည်။