အမြစ်ပါမကျန် တစ်ပင်လုံး ဆေးဖက်ဝင်တဲ့ မိဿလင်

ပုံသဏ္ဍာန်

  • အပင် – အမြဲစိမ်း နှစ်ကြာခံပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၄ ပေ မှ ၆ ပေထိရှိသည်။ ရွက်ယောင်ပင်စည်ဖြစ်သည်။ အနံ့အနည်းငယ်ရှိ၏
  • အရွက်  – ရွက်လွှဲထွက်၏။ ချင်းရွက်ကဲ့သို့ ရှည်မျောမျော လှံစွပ်ပုံရှိ၏။ ရွက်ညှာအိမ်သည် ပင်စည်ကို ကုပ်ပတ်ထား၏။ ရွက်ရင်းသွယ်၍ ရွက်ထိပ်ချွန်၏။ ရွက်လယ်ကြောထင်ရှားသည်။ ရွက်ပြားပါး၍ ပျော့ပျောင်း ချောမွေ့ပြီး ရွက်နားညီသည်။
  • အပွင် – ညိုဝါရောင်ရှိသည်။ ပွင့်တံနီ၏။ ပင်ခြေရင်းမှ ပွင့်ပြီး ချင်းပွင့်နှင့် တူသည်။
  • အသီး – သေးငယ်သည်။ လုံးဝိုင်းသော ပုံသဏ္ဌာန်ရှိသည်။
  • အမြစ် – ညိုဝါရောင်ရှိပြီး အသားထူသည်။ မြစ်မြွှာများ ဖြာထွက်၏။

ပေါက်ရောက်သည့်ဒေသ – မြန်မာနိုင်ငံ နေရာအနှံ့အပြား အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ – သဘာဝအလျောက်ပေါက်ရောက်သည်။

အသုံးပြုသည့် အစိတ်အပိုင်း – ပဉ္စငါးပါး။

အာနိသင် – မြန်မာဆေးကျမ်းများအလိုအရ မိဿလင်သည် စပ်သော အရသာရှိ၏။ သွေးကို ကြေစေ၏။ ဝမ်းကို ဖြောင့်စေ၏။ ဆီးများစေ၍ လေကိုသက်စေသည်။

အသုံးပြုပုံ

  • ပဉ္စငါးပါး
  • (၁) ချောင်းဆိုး၊ ပန်းနာ၊ သန်ချဆေး၊ အနာကြီးနှင့် အရေပြားရောဂါဆေးအဖြစ် ဖော်စပ်အသုံးပြု၏။
  • (၂) မိဿလင်ကို အရည်ညှစ်၍ ဆားအနည်းငယ်ထည့်သောက်သော် မီးယပ်ချုပ်ခြင်း ပျောက်၏။ 
  • (၃) မိဿလင်ကို အရည်ညှစ်၍ ငရုတ်ကောင်းမှုန့် ထည့်လိမ်းသော် တစ်ကိုယ်လုံး သို့မဟုတ် အင်္ဂါအစိတ်အပိုင်းများတွင် အအေးပတ်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ လေမလျှောက်၍ လေးလံထိုင်းမှိုင်းခြင်းတို့ကို ပျောက်ကင်းစေ၏။
  • (၄) မိဿလင်ကို ရေသင့်ရုံနှင့် ကျို၍သောက်သော် ပင်လယ်အူလျှောက်နာဖြစ်ခြင်း၊ ဝမ်းဗိုက်ထိုးအောင့်၍ ဝမ်းသောက်ခြင်းများ ပျောက်၏။
  • (၅) မိဿလင်ကို နံနံစေ့နှင့် ရေထည့်ကျိုပြီး တစ်ဝက်မျှအကျန်တွင် တစ်ခွက်စာကြွေဇွန်းကြီး ၂ ဇွန်းမျှ သောက်သော် ဝမ်းလျှောရောဂါ ပျောက်၏။
  • (၆) မိဿလင်အစိုကို ထုခြေ၍ အိုးသစ်တွင်ထည့်ကာ ပေါင်းတိုက်ရေယူပြီး နံနက်ည ကြွေဇွန်းကြီး ၂ ဇွန်းကျ မှန်မှန်သောက်က အတွင်းလိပ်ခေါင်း ပျောက်ကင်းစေနိုင်၏။
  • (၇) မြွေကိုက်သော် ၎င်းအရည်ကို မကြာခဏ တိုက်ပေး၍ ကိုက်သော ဒဏ်ရာကို လိမ်းပေးရ၏။
  • (၈) ထိခိုက်ဒဏ်ရာနှင့် အကိုက်အခဲ အကြောထုံးနာတို့အတွက် မိဿလင်ဥကို ကြိတ်၍ ကြပ်စည်းရ၏။
  • (၉) အသက်ကြီးသောသူများတွင် ဖြစ်ပေါ်တတ်သည့် ဒူးခေါင်းရောင်ခြင်း၊ အဆစ်အမျက်ရောင်ခြင်း၊ ခြေမျက်စိရောင်ခြင်းများအတွက် မိဿလင်မြစ်ဥကို ထုထောင်း၍ ကြပ်စည်းပေးလျှင် ပျောက်၏။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”