အနေကြပ်မှ ‌အသေချောင်မည်

ပြည်တွင်းမှာ ပညာအတော်အသင့်စုံလင်တာနဲ့ ပြည်ပထွက်ပြီး ဗဟုသုတပညာ၊ အတွေးအခေါ်ပညာ၊ ခေတ်ပညာများ သင်ကြားရန် ပြည်ပထွက်ပညာသင်ထွက်ခွါနီးမှာ ဆရာသမားဘုန်းကြီးကို ကန်တော့ခဲ့ပါတယ်။ ငယ်ဆရာလည်းဖြစ်၊ အခွင့်အခါကြုံရင် ကြုံတိုင်း သြဝါဒပေးလေ့ရှိတာကြောင့် ဆရာသမားရဲ့ သြဝါဒတွေဟာ မိမိအတွက်တော့ တကယ့်ကိုတန်ဖိုးရှိတဲ့ အရာတွေပါ။ ဆရာသမားကို ချစ်ကြောက်ရိုသေစွာနဲ့ ချဉ်းကပ်ပြီး လက်အုပ်လေးချီမိုးကာ ဦးချပြီးထိုင်နေတဲ့အချိန် ဆရာသမားပြောတဲ့ သြဝါဒလေးက “ငါ့တပည့် လောကမှာ ဆရာသမားဆိုတာ ကိုယ့်တပည့်မုန်းမှန်းသိသော်လည်း မုန်းမှာကြောက်လို့ ကိုယ့်တပည့်ကို မဆုံးမဘဲ သက်သောင့် သက်သာနေမယ်ဆိုရင် အဲဒါတကယ့် ဆရာသမား အစစ်မဟုတ်ဘူး၊ တကယ့် ဆရာသမားအစစ်ဆိုတာ ကိုယ့်တပည့်က မုန်းချင်မုန်းသွားပါစေ လမ်းမှားနေမယ်ဆိုရင် ဆုံးမပေးရဲရမယ်။ ဒါမှသာ ဆရာသမား အစစ်”လို့ ခေါ်တယ်။ ငါ့တပည့်ရဲ့ ဆရာသမားဟာ အဲဒီလို ဆရာသမားအစစ်ဖြစ်တယ်ဆိုတာ ငယ်စဉ်ကတည်းက ဆုံးမပေးခဲ့ ရတဲ့ ငါ့တပည့် သိပြီးသား ဖြစ်မှာပါ။

ခု ငါ့တပည့်က နိုင်ငံရပ်ခြားမှာ ပညာသင်သွားမှာဆိုတော့ ငယ်စဉ်အခါ ပညာရှာချိန်မှာ ပညာရှာတာမို့ ဒါဟာ ကောင်းတဲ့အလုပ်ပါ။ ဒါပေမဲ့ ပညာပြည့်စုံလာလို့ တစ်ချိန်ချိန်မှာ သာသနာအတွက် ဒီထက်မက အထောက်အပံ့တွေပေးနိုင်အောင် ကိုယ်ကိုယ်တိုင် အလုပ်တွေလုပ်လာတဲ့အခါမှာ ငါ့တပည့်သိထားသင့်တာတွေကို မမေ့ဖို့ အထူးမှာချင်တယ်။
မိမိရဲ့ခန္ဓာကိုယ်ကို ငဲ့ညာပြီးတော့ ပင်ပန်းမှုတွေမခံရအောင် အေးအေးဆေးဆေး နေမယ်ဆိုရင် ငါ့တပည့်သေတဲ့အခါမှာတော့ ကြပ်လိမ့်မယ်၊ ဒါကြောင့် အသေမကြပ်အောင် အနေချောင်ချောင် မနေနဲ့လို့မှာချင်တယ်။

တချို့က မသေခင်မှာ အေးအေးဆေးဆေး နေချင်ကြတယ်။ ရလာတဲ့လူ့ဘ၀ ခဏတာလေးမှာ တွယ်တာ မက်မောပြီး ခန္ဓာကိုယ်ကို မခိုင်းချင်ကြဘူး။ ငဲ့ညှာကြတယ်၊ ဒီလိုနဲ့ဘဝအဆုံးသတ်မယ်ဆိုရင် သေချာပေါက် အသေကြပ်လိမ့်မယ်။ လယ်တီဆရာတော်ကြီးဆိုရင် ဘဝအဆက်ဆက်က သားကျွန်မယားကျွန်ခံခဲ့ရတာ ဘဝတွေ များလှပြီ။ ဒီဘဝတော့ သာသနာ့ကျွန်ခံဦးမှပဲ ဆိုပြီး ကျောင်းတိုက်ထဲမှာရှိတဲ့ သံဃာတော်တွေအသုံးပြုတဲ့ကုဋီကို နံနက်စောစောထ ကာ ရေဖြည့်ခြင်းစတဲ့ သံဃာ့ဝေယျာဝစ္စတွေပြုလုပ်ပြီး အသေမကြပ်အောင် ပြုလုပ်ပေးခဲ့တယ်။ ပညာရှိသူတော်ကောင်းကြီးများက အဲဒီလို မိမိတို့ရဲ့ခန္ဓာကိုယ်ကို အသုံးချသွားကြတာ။ ငါ့တပည့်လည်း ခန္ဓာကိုယ်ကို မညှာဖို့ သြဝါဒပေးလိုက်မယ်ဟူသောစကားဖြင့် နိုင်ငံခြားပညာသင်ထွက်ခါနီး တပည့်ရဲ့ အနာဂတ်ကိုကြိုတင်ကာ ပုံစံချထားပေးလိုက်ခြင်း ဖြစ်ပါတယ်။

သေချာပြန်စဉ်းစားကြည့်တော့ ဆရာသမားရဲ့စကားတွေဟာ မိမိဘဝတစ်ခုလုံးကို ပဲ့ကိုင်ထိမ်းကျောင်း ပေးလိုက်ခြင်း ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။ အနေချောင်ရင် အသေကြပ်မည်လို့ ဆရာသမားက မိန့်ခဲ့တယ်။ ဒီလိုဆိုရင် အသေချောင်ဖို့အတွက် အနေကြပ်မှ ဖြစ်မယ်။ အနေကြပ်တယ်ဆိုတာက ကြပ်ကြပ်တည်းတည်း လူအများနဲ့ နေခြင်းမျိုးတော့ မဖြစ်နိုင်။ တရားပျောက် ကိုယ်မှာရှာ၊ တရားရှာ ကိုယ်မှာတွေ့ဟူသော စကားအတိုင်း မိမိခန္ဓာကိုယ်ထဲက လိုချင်မှုလောဘ။ ကြမ်းတမ်းခက်ထန်မှု ဒေါသ၊ တွေဝေမိုက်မဲမှုမောဟတွေကို အနိုင်တိုက်ခိုက် နိုင်ရေးအတွက် အမြဲတစ်စေ စောင့်ကြည့်ပေးနေရမယ်။ လောဘ၊ ဒေါသ၊ မောဟတို့ ဝင်လာတာကို သိလျှင်သိခြင်း အနိုင်တိုက်ရမယ်။ တိုက်ပွဲဝင်နေတဲ့အချိန်မှာ သက်သောင့်သက်သာတော့ နေလို့ရမှာ မဟုတ်ပေ။ ဒီလိုနေခြင်းမျိုးကို အနေကြပ်ရမယ်လို့ ဆရာသမားက ပြောခဲ့ခြင်းဖြစ်တယ်။

ဆရာသမားရဲ့ သြဝါဒဆိုလိုရင်းကို စဉ်းစားလိုက်တဲ့အခါ မြတ်ဗုဒ္ဓကလည်း အဲဒီလို အနေကြပ်သူမျိုးကိုမှ သာဓုခေါ်ချီးမွမ်းလေ့ရှိကြောင်း စာပေမှာ ဖတ်ရှု့ခဲ့တာကို သတိရမိလိုက်ပါတယ်။ တစ်နေ့သံဃာ့အစည်းဝေးတွင် မြတ်ဗုဒ္ဓက ငါ့ဘုရားသည် ယနေ့မှစပြီး နောက်ရက်(၄၀)ဆိုရင် ပရိနိဗ္ဗာန်ပြုတော်မူမယ်လို့ မိန့်ကြားလိုက်တဲ့အခါ ပုထုဇဉ်ဖြစ်တဲ့ရဟန်းများဟာ ဝမ်းနည်းပူဆွေး ငိုကြွေးကာ ပရိဒေဝဒေါမနဿမီးများ လောင်မြိုက်ခံစားကြရတယ်။ သံဃာတွေစုဝေးမိတဲ့အခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူတော့မယ် ငါတို့ဘယ်လိုလုပ်ကြမလဲ။ ငါတို့အားကိုရာ မိုးကောင်ကင်ကြီး ပြိုကျတော့မယ်။ ငါတို့ကို တရားရေအေး ဘယ်သူက တိုက်ကျွေးမှာလည်းစသည်ဖြင့် တစ်ပါးနဲ့တစ်ပါး ပြောကြားနေကြလေရဲ့။ အဲဒီလိုပြောနေတဲ့ သံဃာ့အစည်းအဝေးမှာ အရှင်အတ္တဒတ္တ မထေရ်ကား တော့ မပါဝင်ပေ။ အစည်းဝေးလုပ်ရင် တစ်ပါးတည်းရှောင်ထွက်သွားကာ ဘယ်သောအခါမှ အစည်းအဝေးမတက်ပေ။ အချင်းချင်းသံဃာတွေကလည်း အရှင်အတ္တဒတ္တမထေရ်အပေါ် တစ်မျိုးမြင်လာကြတယ်။

အရှင်အတ္တဒတ္တဟာ ငါတို့မြတ်စွာဘုရားကို ချစ်သလောက်မချစ်ဘူး၊ ငါတို့မှာတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုမယ်ဆိုလို့ ဝမ်းနည်းပူးဆွေး သောကဗျာပါဒတွေရောက်နေကြတာ သူကတော့ နေနိုင်တယ်။ သူ့ကြည့်တော့လည်း ဘယ်တော့မှဝမ်းနည်းတဲ့ အရိပ်အရောင်မတွေ့ရဘူး။ သံဃာ့အစည်းအဝေးကိုလည်း မတက်ဘူး စသည်ဖြင့် အရှင်အတ္တဒတ္တမထေရ်အပေါ် အမြင်များ မကြည်မလင်ဖြစ်နေကြတဲ့အချိန်တွင် အရှင်အတ္တဒတ္တကား စိတ်ငြိမ်ရာအရပ်ကိုရွေးချယ်ကာ ခန္ဓာကိုယ်ကိုစောင့်ကြည့်နေလေတယ်။ “ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်ခေါ်တဲ့ ခန္ဓာငါးပါးကို မမှီဘဲနဲ့ ငါဆိုတဲ့အတွေး မပေါ်ဘူး၊ ခန္ဓာငါးပါးဟာ လောကလူသားတွေ ငါလို့ထင်မှတ်စရာပဲ၊ ငါဆိုတဲ့အတွေးဟာ မာနအတွေး၊ ငါ့ဟာဆိုတဲ့အတွေးဟာ တဏှာအတွေးပဲလို့ ဆင်ခြင်ကြည့်နေတယ်။ ဒီရုပ်ခန္ဓာကိုယ်ကြီးဟာ ငယ်စဉ်ကနဲ့မတူတော့ဘဲ တဖြည်းဖြည်းအိုမင်းလာပြီ။ ဒါသည်ပင် ရုပ်တရားကြီးရဲ့ အမြဲမရှိခြင်း အနိစ္စပါလား၊ ဒီရုပ်တရား ရလာခြင်းဟာ ဒုက္ခပါလား၊ ဒီရုပ်ကြီးမအိုမင်းအောင် မတားမြစ်နိုင်ဘဲ သူ့သဘောသူ ဆောင်နေတာဟာ အစိုးမရတဲ့ အနတ္တပါလား။ အဲဒီလို ရုပ်တရားကို ဆင်ခြင်ကြည့်ပြီး ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့ကို ဆက်လက်၍ လက္ခဏာရေး သုံးပါးတင်ကာ ကမ္မဋ္ဌာန်းတရားအားထုတ်နေလေတယ်။

ထိုအခြင်းအရာကိုမသိကြတဲ့ သံဃာတော်များဟာ အရှင်အတ္တဒတ္တမထေရ်ကို သူတို့လောက်မြတ်စွာဘုရားကို မချစ်ဘူးလို့ စွပ်စွဲပြီးသကာလ မြတ်စွာဘုရားကို သွားလျှောက်ကြလေတယ်။ မြတ်ဗုဒ္ဓ ဒီသီတင်းကိုကြားတဲ့အခါ သံဃာတော်ရှေ့မှောက်တွင် အရှင်အတ္တဒတ္တအားခေါ်ယူကာ “ငါ့ရှင်အတ္တဒတ္တ သင်သည် သံဃာ့အစည်းအဝေးတွေမှာ မတက်ဘူးဆိုတာ မှန်သလားလို့ မေးတဲ့အခါ မှန်လှပါဘုရား တပည့်တော် မတက်ဖြစ်ကြောင်းပါဘုရား။ ဘာကြောင့် မတက်ဖြစ်တာလဲဟု ဆက်လက်မေးမြန်းတဲ့အခါ တပည့်တော် မြတ်စွာဘုရားကိုချစ်လို့ မတက်ဖြစ်တာပါဘုရား။ ငါ့ဘုရားကို ဘယ်လိုချစ်တာလဲဆိုတာ လျှောက်ပါအုံးလို့ မိန့်တော်မူသောအခါဝယ် တပည့်တော် မြတ်ဘုရားရဲ့ ပရိနိဗ္ဗာန်ပြုတော်မယ်ဆိုတာကို သိတဲ့အခါ တပည့်တော် သံဃာ့အစည်းအဝေးတွေမှာ အချိန်ကုန်ခံမတက်ဘဲ ဘုရားရှင်တည်းဟူသော နေမင်းကြီးမကွယ်ခင် အရောင်လေးရှိတုန်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လိုပါသဖြင့် တစ်ပါးတည်း ကမ္မဋ္ဌာန်းတရား အားထုတ်နေပါတယ်။ ရှင်တော်မြတ်ဘုရားရဲ့ စကားကိုနားထောင်ခြင်းသည် ရှင်တော်မြတ်ဘုရား ကိုချစ်လို့ပါ” ဟုလျှောက်ထားသောအခါ မြတ်ဗုဒ္ဓသည် သာဓုသုံးကြိမ်ခေါ်ဆိုတော် မူလေတယ်။

ထို့နောက် သံဃာတော်များကို “ငါ့ရှင်တို့ သင်တို့သည် ငါဘုရားကိုချစ်တယ်ဆိုတာ တဏှာပေမနဲ့ ချစ်နေကြတာ။ တကယ်ငါဘုရားကိုချစ်တယ်ဆိုရင် အရှင်အတ္တဒတ္တမထေရ်လို ငါဘုရားရဲ့စကားကို နားထောင်ပြီး ဓမ္မနဲ့ချစ်ကြ”လို့ သံဃာတော်များကို မြတ်ဗုဒ္ဓက မှာကြားတော်မူခဲ့ပါတယ်။ အဲဒါကြောင့် ဦးဇင်းတို့လည်း မြတ်ဗုဒ္ဓကို တကယ်ချစ်ရာရောက်အောင် မြတ်ဗုဒ္ဓစကားကိုနားထောင်ပြီး အနည်းဆုံး သောတာပန်အဆင့်လောက်တော့ ရရှိအောင် ဝိပဿနာတရားများ ပွားများအားထုတ်ကြဖို့ လိုပါတယ်။ အခုလို သာသနာတည်းဟူသော အလင်းရောင်လေးရှိနေချိန်၊ တွေ့နေချိန်မှာ ဝိပဿနာတရား အားမထုတ်ဘဲ ဘဝကို မေ့လျော့ပျော်ပါးပြီး ကုန်ဆုံးသွားမယ်ဆိုရင် ဘယ်လောက်နှမြှောစရာကောင်း တဲ့ဘ၀ ဖြစ်မယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလို နှမြှောစရာကောင်းတဲ့ ဘဝကို ကောင်းမှုကုသိုလ်များ စုမသွားဘဲ ကုန်ဆုံးသွားတဲ့လူဟာ ဘယ်လောက်မိုက်တဲ့ လူသားဖြစ်နေမလဲလို့ စဉ်းစားဆင်ခြင် သုံးသပ်ကြည့်ပြီးသကာလ ကောင်းမှုကုသိုလ်များများလုပ်ပြီး ဝိပဿနာတရား ပါ အားထုတ်ကြဖို့ မမေ့သင့်ပေ။

ဒီနေရာမှာ အရှင်အတ္တဒတ္တဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုမယ်ကြားကတည်းက အချိန်ကိုတန်ဖိုးမထားဘဲ သူများတွေလို ပေါ့ပေါ့လေးနေခဲ့မယ်ဆိုရင် သေတဲ့အခါမှာ ရင်လေးစရာတေ့ွကြုံရမယ်ဆိုတာသိလို့ မြတ်ဗုဒ္ဓသက်ရှိထင်ရှားရှိစဉ်မှာ ကျင့်ကြံကျိုးကုတ်အားထုတ်ခဲ့တဲ့ အတွက်ကြောင့် မြတ်ဗုဒ္ဓလက်ထက်မှာပဲ ရဟန္တာ မထေရ်တစ်ပါး ဖြစ်သွားခဲ့ပါတယ်။ ဒီသာဓကဟာ အနေချောင်ရင် အသေကြပ်မယ်လို့ ဖော်ထုတ်ခဲ့တဲ့ ပညာရှိ သူတော်ကောင်းများရဲ့ အတွေးပါ။

ဒါကြောင့် မဟာဂန္ဓာရုံဆရာတော်ကြီးက “ကုသိုလ်ဥစ္စာ၊ ကျန်းခံ့သာ၍၊ ပညာတန်ခိုး၊ တစ်မျိုးမျိုးမှ၊ အကျိုးမထွက်၊ ထိုနေ့တွက် သက်သက်ဝမ်းနည်းဖွယ်”လို့ လူသားအားလုံးအတွက် လောကီလောကုတ္တရာ (၂)မျိုးအသုံးဝင်တဲ့ ဆောင်ပုဒ်လင်္ကာလေးနဲ့ ဆုံးမပေးခဲ့တာပါ။ ဆရာတော်ကြီးက မိမိကိုယ်ကို ညအိပ်ရာဝင်တဲ့အခါ အမြဲတမ်းဆန်းစစ်ဖို့ မှာကြားခဲ့တယ်။ တစ်ရက်ပြီးဆုံးတာနဲ့ ဒီကနေ့ ကိုယ့်အတွက် ကုသိုလ်ရလား၊ စီးပွားဥစ္စာတွေရလား၊ ဒါမှမဟုတ် ပညာရပ်တစ်ခုခုရလား စဉ်းစားကြည့်ပါ။ ဒီသုံးမျိုးအနက် ဘယ်တစ်ခုကိုမှမရဘဲ ကုန်ဆုံးသွားတဲ့နေ့ဟာ အချည်းနှီး အလကားသက်သက်ကုန်ဆုံးသွားလို့ အင်မတန်မှဝမ်းနည်းဖွယ်ကောင်းတဲ့ နေ့တစ်နေ့ကုန် ဆုံးသွားပြီလို့ မှတ်ယူရမည့်အကြောင်း မိန့်မှာတော် မူခဲ့ခြင်း ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့မိန့်မှာချက်အတိုင်း မိမိတို့နေရစဉ် ခဏလေးမှာ ပျော်လိုက်ပါးလိုက်၊ ရည်လိုက် ဟားလိုက်နဲ့နေမဲ့အစား ကိုယ့်မျက်မှောက်ဘဝအတွက်ရော သံသရာအတွက်ပါ ကောင်းတာ ကိုလုပ် ကောင်းတာကို တွေးပြီး ဒါန၊ သီလ၊ ဘာဝနာ တစ်မျိုးမျိုးနဲ့အချိန်တွေကို ကုန်ဆုံးခဲ့မယ်ဆိုရင် ပစ္စုပ္ပန်မှာ အနေကြပ်တည်းပေမဲ့ သေတဲ့အခါမှာတော့ အသေချောင်စွာနဲ့သေရမည်မို့ အနေချောင်တဲ့စိတ်များ ပယ်ခွာပြီးလျှင် အနေကြပ်တဲ့ဘဝနဲ့ နိဂုံးချုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်….။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
ခေတ္တ-မြန်မာပြည်