မြွေများ၏ အကြားအာရုံအကြောင်း တစေ့တစောင်း

မြွေများဟာ ၎င်းတို့၏ ချော့မွေ့လှတဲ့ ခန္ဓာကိုယ်၊ လှုပ်ရှားနေသည့် လျှာနှင့် သားကောင်များကို တကောင်လုံး မြိုလေ့ရှိသည့်
တမူထူးခြားသည့် သက်ရှိများ ဖြစ်ပါတယ်။ ၎င်းတို့ဟာ သားကောင်ကို ရှာဖွေဖို့ အဓိကအားဖြင့် အနံ့ခံခြင်းကို အသုံးပြုပြီး
အမြင်အာရုံနှင့် အကြားအာရုံကိုလည်း အသုံးပြုပါတယ်။
မြွေတွေဟာ Jacobson လို့ခေါ်တဲ့ ပါးစပ်အထက်ရှိ အရာကို အသုံးပြုပြီး အနံ့ခံကြတာ ဖြစ်ပါတယ်။
ထိုကဲ့သို့ အနံ့ခံဖို့ ၎င်းတို့၏ လျှာကို ထုတ်ကာ ပတ်ဝန်းကျင်မှ ဓာတုအချက်အလက်များကို ရယူပြီး ဦးနှောက်မှ
အဆိုပါ ဓာတုအချက်အလက်များကို သိရှိစေရန် အဲဒီ့ Jacobson နေရာသို့ လျှာဖြင့်ထိလိုက်တာ ဖြစ်ပါတယ်။
မြွေတွေဟာ အမြင်အာရုံ သိပ်မကောင်းသည့် အတွက် သေချာရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် အပြာနှင့်
အစိမ်း အရောင်နှစ်ရောင်ကို မြင်နိုင်ပြီး အလင်းရောင် နည်းနေချိန်မှာလည်း မြင်နိုင်ပါတယ်။
ဒါဆို မြွေတွေမှာ နားရှိသလား
မြွေတွေမှာ နားရှိလို့လားဆိုရင် မရှိဘူလို့ ပြောလို့ ရသလို ရှိတယ်လို့လည်း ပြောလို့ရပါတယ်။
မြွေတွေဟာ အခြား တွားသွား သတ္တဝါတော်တော် များများလို ပြင်ပ နား တည်ဆောက်မှုမျိုးမရှိပါဘူး။
သို့ပေမဲ့ ၎င်းတို့၏ ဦးခေါင်းအတွင်းမှာ နားရိုးများ ရှိပြီးတော့ အဲဒါကို အသုံးပြုပြီး ကြားနိုင်စွမ်းတော့ ရှိပါတယ်။
ပုံမှန်အားဖြင့် လူနှင့် တိရစ္ဆာန်များ၏ နားဟာ အဓိကအားဖြင့် အပိုင်း ၃ ပိုင်းဖြင့် တည်ဆောက်ထားပြီး ပြင်ပ နားအပိုင်းဟာ
နားစည် မှတဆင့် အသံတွေကို ဖမ်းယူတာပါ။
နားအလယ်ပိုင်းမှာတော့ အရိုးသုံးရိုး ရှိပြီးတော့ နားစည်မှ လာသည့် အသံများကို အတွင်း နားသို့ တုန်ခါမှုမှတဆင့် ပေးပို့
ပေးပါတယ်။
အဲဒီ့နောက် အတွင်းနားမှ တုန်ခါမှုများကို အာရုံကြော လှိုင်းများအဖြစ် ပြောင်းလဲလိုက်ပြီး ဦးနှောက်ဆီသို့ သတင်းပေးပို့ပေးပါတယ်။
ဒါပေမယ့် ၎င်းတို့မှာ အတွင်းနားနှင့် မေးရိုးကို ချိတ်ဆက်ထားသည့် နားအလယ်ပိုင်း အရိုးတခုတော့ ပိုင်ဆိုင်ထားပါတယ်။
ဒီအရိုးကြောင့် မြွေများဟာ သားကောင် သွားလာမှုမှ ထွက်လာတဲ့ တုန်ခါမှုများကို ကြားနိုင်ပါတယ်။
အားနည်းချက်ကတော့ လေထဲမှ တဆင့် ထွက်ပေါ်လာတဲ့ အသံတွေကို ကြားနိုင်စွမ်း မရှိပါဘူး။
အကြောင်းကတော့ ၎င်းတို့ကြားနိုင်တဲ့ အသံများဟာ အလွန်ကျဉ်းမြောင်းတဲ့ ကြိမ်နှုန်းအတွင်းသာ ရှိပြီး ကြိမ်နှုန်း အနိမ့်များကိုသာ
ကြားနိုင်ပါတယ်။
ကြိမ်နှုန်းမြင့် အသံများကတော့ လေထဲမှ တဆင့် ရောက်ရှိလာတတ်တာ ဖြစ်လို့ ၎င်းတို့အနေဖြင့် မကြားနိုင်ပါဘူး။
၂၀၁၂ ခုနှစ်က သုတေသန တခုမှ စပါးအုံး မြွေတကောင်ဟာ ကြိမ်နှုန်း 80 Hz မှ 160 Hz အတွင်းသာ ရှိတယ်ဆိုတာကို
တွေ့ရှိခဲ့ရပါတယ်။