အဂတိတရား ၄ ပါး

လောကမှာ အဂတိဆိုတာ မလိုက်သင့်တဲ့လမ်းကို လိုက်တာ၊ တရားလမ်းကြောင်းက သွေဖည်တာကိုအဂတိလိုက်တယ်လို့ ခေါ်တာ။

အ , ဂတိ ဆိုတာ မလိုက်သင့်တဲ့လမ်းကြောင်း ဓမ္မလမ်းကြောင်းကို သွေဖည်တဲ့လမ်းကြောင်း။ လူတွေ အဂတိလိုက်ခြင်းရဲ့အကြောင်း ၄-မျိုးရှိတယ်။

ဆန္ဒ – ကိုယ်နဲ့အသိဖြစ်လို့ ရင်းနှီးတယ်၊ မိတ်ဆွေဖြစ်တယ်။ ကိုယ့်ကို လာဘ်ထိုးထားလို့၊ သူကပိုက်ဆံတွေအများကြီးပေးထားလို့ သူ့ကိုfavourပေးတယ်။ ဟော ဆန္ဒကြောင့် မဟုတ်မတရားဆုံးဖြတ်တယ်။ တရားရုံးတွေမှာ အနိုင်ပေးလိုက်တယ်။ လာဘ်ပေးတဲ့လူကို အနိုင်ပေးလိုက်တယ်နော်။ ကိုယ့်မိတ်ဆွေမို့ အနိုင်ပေးလိုက်တယ်။ ဟော အဲ့ဒါမျိုးကို ဆန္ဒာဂတိလိုက်တယ်လို့ခေါ်တာ။အမှန်တရားအတိုင်း မဖြစ်ဘူးတဲ့။

ဆန္ဒကိုလိုက်ပြီးတော့ မလုပ်ရဘူးလို့ ဒီလိုပြောတာ။ဆန္ဒလိုဆိုတဲ့ ချစ်ခင်မှုကို အကြောင်းပြုပြီး တရားလမ်းကြောင်းက သွေဖည်တာမျိုး မလုပ်ရဘူးတဲ့။ တရားလမ်းကြောင်းအတိုင်းပဲ ဖြစ်စေရမယ်၊ဒီလိုပြောတာနော်။

အဲ့ဒီ ဆန္ဒာဂတိလိုက်ပြီးတော့ ဆုံးဖြတ်ပြီ၊ မိမိကိုယ်တိုင်လည်းပဲ ဆန္ဒာဂတိလိုက်ပြီးတော့ လုပ်ပြီဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်ရဲ့ဂုဏ်သတင်းဟာ လဆုတ်ပက္ခမှာ ထွက်တဲ့ လ လိုပဲ တဖြည်းဖြည်း သေးသွားမှာပဲတဲ့။ နောက်ဆုံး ပျောက်ကွယ်သွားမယ်ပေါ့ ဒီလိုပြောတာနော်။အဲ့ဒီတော့ ဆန္ဒာဂတိဆိုတာ မလိုက်ရဘူး။

တချို့ကျတော့ ဒီလူဟာ ငါနဲ့မတည့်တဲ့လူဆိုပြီး မုန်းလို ဒုက္ခရောက်အောင် လုပ်တာမျိုး။ တရားလမ်းကြောင်းအတိုင်း မလုပ်ဘဲနဲ့ မုန်းတီးမှုကို အကြောင်းပြုပြီး ပြစ်ဒဏ်ကို ကြီးကြီးမားမား ချပစ်တာတို၊ မုန်းတာကို အကြောင်းပြုပြီးဘက်လိုက်တာတို ဖြစ်တယ်။ အရပ်ထဲမှာလဲ ဒီလိုရှိတယ်လေ။အလုပ်အတူတူ လျှောက်တယ်၊ ကိုယ်မုန်းတဲ့လူဖြစ်လို့ ဖယ်လိုက်တယ်။ ဟော – မုန်းလို့ဖယ်လိုက်တာ။ ဒေါသာဂတိ-လိုက်တယ်လို့ ဒီလိုပြောတာ။

မောဟာဂတိ-ဆိုတာကျတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ အရည်အချင်းကောင်းတာ မကောင်းတာကို မရွေးတက်လို့ မလုပ်သင့်တာကို လုပ်သင့်တယ်ထင်တယ်၊ မဟုတ်တာကို အဟုတ်ထင်ပြီးတော့ လုပ်တယ်။ ဒါကို မောဟာဂတိလို့ ခေါ်တယ်။ အဲ့ဒါမျိုးနဲ့လည်းပဲ ဒီမကောင်းမှုကို မလုပ်ရဘူးလို့ဆိုတယ်။ တရားလမ်းကြောင်းအတိုင်းပဲ အစစ်အမှန် ဖြစ်အောင် ကြိုးစားရမယ်။

ဘယာဂတိ-ဆိုတာကတော့ ဒီလူက အာဏာရှိတယ်၊ ပိုက်ဆံရှိတယ်၊ ငါ့ကို ဒုက္ခပေးလိမ့်မယ်။ သူ့တော့
သာသာထိုးထိုးလေး လုပ်ပေးမှ ဖြစ်မယ်လိုဆိုရင် ဒါ ဘယာဂတိခေါ်တယ်။ ကြောက်လို့ တရားလမ်းကြောင်းအတိုင်း မလုပ်ဘဲနဲ့ ရှောင်လွှဲလို့ရှိရင် ဘယာဂတိလို့ ခေါ်တယ်။

အဲ့ဒီ အဂတိ ၄-ပါးနဲ့ ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယလိုဆိုတဲ့ ဒီစိတ်ရဲ့အ‌ခြေအနေတွေနောက် လိုက်ပြီးတော့ အဲ့ဒီအကြောင်း ၄-မျိုးကြောင့် အကုသိုလ်ကိုမလုပ်မိပါစေနဲ့တဲ့။

လောကကြီးမှာ အကုသိုလ်လုပ်နေတာ အဲ့ဒီ၄-မျိုးထဲက တစ်မျိုးမျိုးဖြစ်နေတက်တယ်တဲ့။ ဟုတ်တယ်၊ ဒါက ဒီလေးမျိုးကြောင့်မိုလို့ ဓမ္မလမ်းကြောင်းကနေ သွေဖည်ပြီးတော့ လုပ်နေကြတာတွေ ရှိတယ်။

လောကကြီးတစ်ခုလုံးမှာ ဒီအတူတကွ အလုပ်လုပ်နေတဲ့ အသင်းထဲမှာလည်း ဒီလူကတော့ ငါနဲ့ရင်းနှီးတဲ့ ငါ့မိတ်ဆွေဆိုပြီးတော့ အပြစ်ရှိပေမယ့်လို့ သာသာထိုးထိုးထားတယ်။ မတည့်တဲ့လူကျတော့ အပြစ်သေးသေးလေးကို အကြီးကြီး ချဲ့လိုက်တယ်။ အဲဒါမျိုးတွေ ဖြစ်တတ်တယ်။

‌ဟော – ဒီလူကတော့ မဟုတ်မခံဖြစ်တယ်။ သူ့တော့ ကြောက်ရတယ်ဆိုပြီး အပြစ်ကို မထုတ်ဖော်ရဲဘူးဆိုတာလည်း အသင်းအဖွဲထဲမှာအဂတိ ၄-ပါး လိုက်တာဖြစ်တာပဲ။

အဲ့ဒီတော့ ဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ် အဂတိ ၄-ပါး မလိုက်စားဖို့ အရေးကြီးတယ်။ အမှန်တရားအပေါ်မှာ ရပ်တည်ရမယ်လို့ဒီလိုဆိုလိုတာနော်။ 🙏🙏🙏

(ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ကြီး)
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ