အကြမ်းဖက်သမားလူ့အန္ဓများကို လက်တွဲညီညီဖယ်ရှားရှင်းလင်းကြပါစို့

ယနေ့က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်။
မိုးလေကင်းရှင်းကာ သာယာတဲ့ရာသီဥတုလေးနဲ့ အစပြုလာတဲ့ နေ့တစ်နေ့ အစမှာ ပင်စင်စား ကိုယ်ငယ်ညိုတစ်ယောက် ဘုရားဝတ်ပြု၊ မနက်စာစားပြီး ဧည့်ခန်း စားပွဲပေါ်က သတင်းစာကို ကောက်ကိုင်လိုက်မိပါတယ်။ ယခင်နေ့တွေက သီတင်းကျွတ် ကာလအတွင်း မြန်မာပြည်သူ/ပြည်သားတွေ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်တွေမှာ ကုသိုလ်ကောင်းမှုပြုလုပ်နေကြတဲ့သတင်းတွေကို မြင်ရ၊ ကြားရတော့ ကိုငယ်ညို ရင်ထဲမှာ ကြည်နူးစိတ်တွေဖြစ်မိတာအမှန်ပါပဲ။

ဒီနေ့တော့ မြဝတီသတင်းစာဖတ်နေရင်း တတိယစာမျက်နှာအရောက်မှာ ကိုငယ်ညိုရဲ့လက်တွေဟာ ကိုင်ထားတဲ့သတင်းစာလွတ်ထွက်ပြုတ်ကျသွားမတတ် တုန်ယင်လာပြီး မျက်လုံးတွေပါဝေဝါးသွားခဲ့ပါတယ်။ မြန်မာနိုင်ငံက အသင်းအဖွဲ့များစွာရဲ့ သဘောထားထုတ်ပြန်ချက်တွေကို မျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်ကို KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့လို့ ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုပါလား။

ဒါဟာ ခြွင်းချက်မရှိ အကြမ်းဖက်လုပ်ရပ်ပဲဖြစ်တယ်။ ယုတ်မာရိုင်းစိုင်းပြီး လူစိတ်ကင်းမဲ့တဲ့ အစွန်းရောက်အကြမ်းဖက်လုပ်ရပ်အဖြစ် ကိုငယ်ညိုခံစားခဲ့မိပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်မှုအများဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလို ဘုရားဖူး ပြည်သူတွေကို အကြောင်းမဲ့သက်သက် ပစ်ခတ်သတ်ဖြတ်ခြင်းဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ ယုတ်မာအောက်တန်းကျတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာ၊ ဘယ်လူမျိုးကမှ လက်ခံမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ချက်ချင်းဆိုသလို ကန့်ကွက်ရှုတ်ချတဲ့ သဘောထားမှတ်ချက်တွေကို ထုတ်ပြန်ခဲ့ကြတာပါ။

ကိုငယ်ညိုတို့ မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသားတွေဟာ ဗုဒ္ဓရဲ့အဆုံးအမ အောက်မှာ လိမ္မာယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုအဖြစ် ဘိုးဘေးစဉ်ဆက် ထိန်းသိမ်းနေထိုင်ခဲ့ကြတာပါ။ လပြည့်၊ လကွယ်နေ့တွေတိုင်းမှာ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ် တွေမှာ ဥပုဒ်သီလဆောက်တည်ကြ၊ သန့်ရှင်းသာယာရေးလုပ်ကြ၊ ကုသိုလ်ယူကြနဲ့ ချစ်စရာဓလေ့တွေရှိခဲ့ကြတာပါ။ အခုဆိုရင် PDF အမည်ခံ အကြမ်းဖက်လူသတ်သမား လူ့အန္ဓတွေကြောင့် ဘုရားဖူးပြည်သူတွေရဲ့သွေးတွေမြေကျ၊ မြေခခဲ့ရပြီ။ ဘုရားဖူးပြည်သူတွေဟာ ကုသိုလ်ကောင်းမှုပြုလုပ်ချင်တဲ့စိတ်၊ အေးချမ်းစွာဘုရားဝတ်ပြုချင်တဲ့ စိတ်နဲ့ ဘုရားလာဖူးကြတာပါ။ ဘာလက်နက်မှ မကိုင်ဆောင်ထားသလို ဘယ်သူ့ကိုမှလည်း ရန်မူချင်တဲ့စိတ်မရှိတဲ့ အပြစ်မဲ့ပြည်သူတွေမဟုတ်ဘူးလားဗျာ။ ဘယ့်အတွက်ကြောင့်များ အပြစ်မဲ့ပြည်သူတွေကို ရက်စက်ယုတ်မာစွာနဲ့ ရည်ရွယ်ချက်ရှိရှိလာရောက် သတ်ဖြတ်ရတာပါလဲ။ မဲခိုး၊ မဲလိမ်မှုပေါ်ပေါက်သွားလို့ လက်လွတ်ဆုံးရှုံးသွားရတဲ့ အာဏာကို ပြန်လိုချင်လို့လား၊ ဒါမှမဟုတ် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပြပြီးရရှိလာမယ့် ငွေကြေးအနည်းငယ်ကို မက်မောလို့လားဆိုတာ လူမဆန်တဲ့လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်း NUG ၊ CRPH နဲ့ လက်ဝေခံ PDF တို့ ကိုယ့်ကိုကိုယ် အသိဆုံးဖြစ်မှာပါ။ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်သေးဘူးဆိုတာတော့သေချာပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၊ မနက်ပိုင်းကလည်း တန့်ကြည်တောင်ဘုရားဖူး လာတဲ့မော်တော်ယာဉ်ကို NUG ၊ CRPH လက်ပါးစေ PDF အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဘုရားဖူးပြည်သူ ၁ ဦး အသက်သေဆုံးခဲ့ရတာကို သတင်း တွေမှာဖော်ပြထားတာ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၆ ရက်နေ့ ညနေက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တလိုင်းထိန်ရပ်ကွက် ကမ်းနားလမ်း မှာရှိတဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲကျင်းပနိုင်ဖို့ပြင်ဆင်နေတဲ့ မဏ္ဍပ်နေရာကို PDF အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြန်တယ်။ ယုံကြည်ကိုးကွယ်မှု၊ ဘာသာတရား သက်ဝင်ကိုင်းရှိုင်းမှုနဲ့ ရိုးရာယဉ်ကျေးမှုတွေကိုဖျက်ဆီးပြီး အကြောက်တရားနဲ့ လွှမ်းမိုးဖို့ ကြိုးစားနေတဲ့ ပြည်ဖျက်တို့ရဲ့လုပ်ရပ်တွေပဲလို့ ကျုပ်တော့ ဆိုချင်မိပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းစွာမှီတင်းနေထိုင်လိုကြတဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားနေတဲ့ NUG ၊ CRPH နဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေရဲ့လုပ်ရပ်တွေကို နာကြည်းမုန်းတီးနေမိတဲ့ ကိုငယ်ညိုလည်း ဖြစ်စဉ်တွေကို ပြန်လည်လေ့လာကြည့်မိပါတယ်။ NUG ၊ CRPH ရဲ့ လက်ဝေခံမီဒီယာတွေ၊ လော်ဘီတွေရဲ့ အစွန်းရောက်အတွေးအခေါ် ရိုက်သွင်းမှုတွေကြောင့် လက်အောက်ခံအောက်ဆွဲ PDF တွေဟာ အကြမ်းဖက် လုပ်ရပ်တွေကို အသိတရားမဲ့စွာကျူးလွန်လာကြတာကိုတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယနေ့အထိ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခဲ့လို့ ရဟန်းသံဃာတော်များ၊ ပညာရေးဝန်ထမ်းများနှင့် ဆရာ/ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာဝန်ထမ်းများ၊ ဒလန်စွပ်စွဲချက်နဲ့ မိသားစုလိုက်သတ်ဖြတ်မှုကြောင့် ကလေးသူငယ်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်း ဟောင်းများ၊ အပြစ်မဲ့အရပ်သားများ ၃၆၆၅ ဦးသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ သာသနာ့အနွယ်ဝင် ရဟန်းသံဃာတော် ၅၆ ပါး၊ သီလရှင် ၁ ပါးနဲ့ ကလေးသူငယ် ၈၉ ဦး ပါဝင်နေတာကိုတွေ့မိတော့ ရင်ထဲမှာဆို့နင့်နာကျင်မိရပြန်ပါတယ်။ စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာပြုလုပ်နေကြတဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။

NUG ၊ CRPH ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းအောက်မှာရှိပြီး ပြည်ပနိုင်ငံတချို့က ပေးတဲ့ မစို့မပို့ငွေလေးကြောင့် အနန္တော၊ အနန္တငါးပါးကို မသိနိုင်တော့လောက်အောင် အမိုက်မှောင်ဖုံးနေတဲ့ PDF ဆိုတဲ့ အကြမ်းဖက်သမားတွေကို ကိုငယ်ညိုတို့ပြည်သူတွေ စက်ဆုပ်ရွံရှာနေမိကြပါပြီ။ ကိုယ်ကမွေးတဲ့ ကိုယ့်သားသမီးအရင်းတွေ မဟုတ်ပေမယ့် ကိုယ့်နိုင်ငံသား ကိုယ့်တိုင်းရင်းသားလူမျိုးတွေရဲ့ သားသမီးတွေပဲဆိုတဲ့အသိနဲ့ သည်းခံခွင့်လွှတ်ပြီး အမြင်မှန်တွေရစေချင်ခဲ့မိပါတယ်။ ဒါပေမယ့် အသိစိတ်ကို သင်းကွပ်ခံလိုက်ရတဲ့ PDF အကြမ်းဖက်သမားတွေကတော့ အမြင်မှန်မရဘဲ အဝီစိကိုပဲ ဆက်ဆင်းနေကြတယ်။

တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းစေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ NUG ၊ CRPH အနေနဲ့ တိုင်းပြည်အေးချမ်းသာယာပြီး ပြည်သူတွေကျန်းမာပျော်ရွှင်စွာနဲ့ နေထိုင်သွားလာတာမျိုး မြင်တွေ့ရတဲ့အခါမှာ မနာလိုမရှုဆိတ်ဖြစ်ကာ “မျိုးစေ့မမှန်လို့ အပင်မသန်”တဲ့သူတို့ရဲ့ လုပ်ရပ်တွေကို ကျားကန်ရပ်တည်နိုင်ဖို့အတွက် အဖျက်အမှောင့် လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။ ဒါဟာ ပြည်သူတစ်ဦးတစ်ယောက် တိုင်းမှာရှိပြီးဖြစ်တဲ့ မွေးရာပါလူ့အခွင့်အရေးကို တားဆီးချိုးဖောက်တာပဲဖြစ်တယ်။ ဒီလိုလုပ်ရပ်တွေကို လူ့အခွင့်အရေး၊ လူ့အခွင့်အရေးလို့ တွင်တွင်အော်နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကလည်း ရေငုံနှုတ်ပိတ်ပြီး မသိချင်ယောင်ဆောင်နေကြပါတယ်။ ကိုငယ်ညိုတို့ပြည်သူတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို မထောက်ခံတဲ့အတွက် NUG ၊ CRPH နဲ့ PDF တို့က အကြောက်တရားနဲ့စိုးမိုးဖို့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး ပြောင်ပြောင်တင်းတင်း လူသတ်နေကြတယ်။

သေသေချာချာစေ့စေ့စပ်စပ်ပြန်တွေးကြည့်ရင် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တာ၊ စွပ်စွဲချက်အမျိုးမျိုးကို ကိုယ်လိုရာစွဲပြောပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လူသတ်နေတာ၊ သာသနာ့အနွယ်ဝင် ရဟန်း၊ သီလရှင်တွေကို အကြောင်းမဲ့သတ်ဖြတ်တာ၊ သာသနာ့နယ်မြေတွေ၊ နိုင်ငံပိုင်အဆောက်အဦတွေ၊ ပုဂ္ဂလိကပိုင် အဆောက်အဦတွေကို ဖျက်ဆီးတာ၊ စာသင်ကျောင်းတွေကိုဖျက်ဆီးတာ အစရှိတဲ့လုပ်ရပ်တွေကို လုပ်တဲ့သူတွေဟာ ကမ္ဘာမှာ အစွန်းရောက်အကြမ်းဖက်သမားတွေပဲရှိပါတယ်။ ဒီလိုအကြမ်းဖက် လုပ်ရပ်တွေကို ကမ္ဘာ့နိုင်ငံအသီးသီးက လက်မခံကြသလို ကိုငယ်ညိုတို့ မြန်မာနိုင်ငံသား ပြည်သူတွေအနေနဲ့လည်း လုံးဝလက်မခံဘဲ ပြင်းပြင်းထန်ထန်ဆန့်ကျင် ရှုတ်ချဖို့လိုအပ်ပါတယ်။

အကြမ်းဖက်ဝါဒပုံစံအသစ်ဖြစ်တဲ့ မြန်မာ့လူ့အဖွဲ့အစည်း ပျက်သုဉ်းသွားဖို့နဲ့ စိတ်ဓာတ်ရေးရာအရ ကစဉ့်ကလျားဖြစ်သွားဖို့ (Social and Psychological Disorder) ဆိုတဲ့လမ်းစဉ်ကို ဖော်ဆောင်လာတဲ့ NUG ရဲ့လုပ်ရပ်တွေကို ကိုငယ်ညိုတို့ပြည်သူ တစ်ရပ်လုံးက အင်တိုက်အားတိုက်ဆန့်ကျင်တိုက်ဖျက်ကြဖို့လိုအပ်ပါတယ်။ NUG ရဲ့ အကြမ်းဖက်ဝါဒတွေ ဒေသတွင်းမပြန့်ပွားဖို့က အစိုးရနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက တားဆီးတိုက်ဖျက်ကြရမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက အလုံးစုံကွယ်ပျောက်သွားဖို့ ကတော့ ပြည်သူတွေက စည်းစည်းလုံးလုံးနဲ့ တိုက်ဖျက်ကြရမှာဖြစ်ပါတယ်။ “ပျားရည် တစ်စက်ကြောင့် ပြည်ပျက်” ဆိုတဲ့စကားပုံလို သေးငယ်သောအမှုကို မဖြေရှင်းနိုင်လျှင် ပိုမိုကြီးထွားလာတတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် ကြုံရခြင်းမျိုးမဖြစ်ရလေအောင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ NUG ၊ CRPH နဲ့ PDF တို့ကို ယခုအချိန်မှ စတင်၍ပင် ထိရောက်စွာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

သူတို့ရဲ့ အကြောင်းပြချက်တွေက ထေရဝါဒဗုဒ္ဓဘာသာကိုအများဆုံး ကိုးကွယ်တဲ့ နိုင်ငံတစ်ခုမှာ ရဟန်းသံဃာတွေကို သတ်ရလောက်အောင်အထိ၊ ကလေးသူငယ်တွေကို သတ်ရလောက်အောင်အထိ ကျိုးကြောင်းခိုင်လုံပါရဲ့လားလို့ ပြည်သူတွေကို စဉ်းစားသုံးသပ်ကြည့်စေချင်ပါတယ်။ NUG ၊ CRPH ၊ PDF နဲ့ လက်ဝေခံ လော်ဘီတွေ ပြောနေတဲ့ ဓမ္မနဲ့ အဓမ္မမှာ ဓမ္မဘက်ကရပ်တည်တယ်ဆိုပြီး ခွေးပါးစပ်က နတ်စကားထွက်လာသလို သူတို့ရဲ့အပြောနဲ့လုပ်ရပ်တွေက ဆန့်ကျင်ဘက်ဆီသွားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အကျိုးစီးပွားကို ရှေးရှုလိုလားတဲ့ ဘယ်လိုလူပုဂ္ဂိုလ်၊ ဘယ်လိုအဖွဲ့ အစည်းကမှ တိုင်းပြည်မတည်မငြိမ်ဖြစ်စေမယ့် အကြမ်းဖက်လုပ်ရပ်တွေကိုလုပ်မှာ မဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ ကိုငယ်ညိုတို့ပြည်သူတွေဟာ စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်တွေကိုလုပ်ဆောင်နေတဲ့ NUG ၊ CRPH ၊ PDF တို့ကို အစွန်းရောက် အကြမ်းဖက်သမား၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရှုမြင်တတ်ကြဖို့လိုသလို သူတို့ရဲ့ လုပ်ရပ်တွေကို လက်မခံကြဖို့လည်းလိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဆောင်းပါးရှင်- ကိုငယ်ညို