ဟာလန်းအား ဘာစီလိုနာအသင်းထံခေါ်ယူဖို့ လာနော့စ်တိုက်တွန်း

ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီက အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး၏နေရာတွင် ရေရှည်အစားထိုးရန်အတွက် မန်စီးတီးဂိုးသွင်းစက် ဟာလန်းကို ခေါ်ယူရန် အသင်းအား တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၃၅) နှစ်အရွယ်ရှိ ပိုလန်လက်ရွေးစင်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ယခုရာသီတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၂၁) ပွဲတွင် (၉) ဂိုးသာ သွင်းယူပေးထားသည်။

ယင်းမှာ ပြီးခဲ့သည့်နှစ်များကနှင့်ယှဉ်လျှင် လီဝန်ဒေါစကီး၏စွမ်းဆောင်ရည် များစွာကျဆင်းသွားခဲ့ပြီး ဘာစီလိုနာအသင်းအနေဖြင့် အနာဂတ်တွင် ၎င်း၏နေရာကို အစားထိုးရန် ထိပ်တန်းတိုက်စစ်မှူးသစ်တစ်ဦး လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။

ထို့ပြင် လီဝန်ဒေါစကီးမှာ အသက် (၃၅) နှစ်ကျော်နေပြီဖြစ်ရာ ကစားသမားဘဝမှ အနားယူရန် သိပ်မလိုတော့သည့်အတွက် ဘာစီလိုနာအသင်းအနေဖြင့် ၎င်းနေရာတွင် တိုက်စစ်မှူးသစ်တစ်ဦး လိုအပ်နေခြင်း ဖြစ်သည်။

ယင်းအခြေအနေတွင် ပတ်ဒရီက လီဝန်ဒေါစကီးနေရာတွင် အစားထိုးရန် အကောင်းဆုံးကစားသမားမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Stramer တစ်ဦးဖြစ်သည့် လာနော့စ်သည် ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီအား အင်တာဗျူးပြုလုပ်ခဲ့သည်။

ယင်းအင်တာဗျူးတွင် လာနော့စ်က ပတ်ဒရီအား ဘာစီလိုနာအသင်းထံသို့ ၎င်း ခေါ်ယူချင်သည့် ကစားသမားကို မေးမြန်းခဲ့ရာ စက်ရုပ်တစ်ရုပ်ကဲ့သို့ ဂိုးများစွာသွင်းနိုင်သည့် မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူလိုကြောင်း ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

ပတ်ဒရီက ”တကယ်လို့ မက်ဆီသာ အသက် (၁၉) နှစ် ဒါမှမဟုတ် (၂၂)နှစ်လောက်ဖြစ်မယ်ဆိုရင် မက်ဆီကိုပဲ ကျွန်တော် ခေါ်ချင်ပါတယ်။ ဒါပေမဲ့ အခုအနေအထားမှာတော့ ဟာလန်းကိုပဲ ကျွန်တော် ခေါ်ချင်ပါတယ်။ သူဟာ စက်ရုပ်တစ်ရုပ်လိုဖြစ်ပြီး ဂိုးများစွာ သွင်းယူနိုင်သူပါ။ လီဝန်ဒေါစကီးအနေနဲ့ အသက် (၆၀) အထိ မကစားနိုင်ပါဘူး”ဟု ပြောကြားခဲ့သည်။

ဟာလန်းသည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်း ဖလား (၃) လုံးရရှိရာတွင် ခြေစွမ်းပြပြီး ဂိုးပေါင်းများစွာ သွင်းယူပေးခဲ့သူဖြစ်သည်။

ဟာလန်းသည် မန်စီးတီးအသင်းအတွင် တစ်ရာသီခွဲကာလအတွင်း ပြိုင်ပွဲစုံ (၇၅) ပွဲတွင် (၇၁) ဂိုးအထိ သွင်းယူထားကာ ဂိုးဖန်တီးမှု (၁၄) ကြိမ် ပြုလုပ်ထားသည်။