သတိပြုရမဲ့ စစ်တပ်ထောက်ခံ Account အတုများ

ယခုတလော Facebook စာမျက်နှာမှာ စစ်တပ်အားပေးထောက်ခံသူများရဲ့ အားမလိုအားမရဖြစ်ပြီး စစ်တပ် ခေါင်းဆောင်တွေကို ဆဲဆိုတဲ့ပို့စ်တွေနဲ့ စစ်တပ်ပြိုကွဲနိုင်တယ်ဆိုတဲ့ နှပ်ကြောင်းပေးရေးထားတဲ့ ပို့စ်တွေ အများအပြား မြင်တွေ့နေတာကို သတိပြုမိကြမယ်ထင်ပါတယ်

အင်အားကြီးနိုင်ငံတွေရဲ့ နောက်ကွယ်က ထောက်ပံ့မှုနဲ့ အစိုးရဆန့်ကျင်ရေး အဖွဲ့များ၊ လက်နက်ကိုင်သောင်းကျန်းသူများဟာ မြေပြင်တိုက်ပွဲများ ဆင်နွှဲနေသလို Facebook ပေါ်ကနေ စိတ်ဓာတ် စစ်ဆင် ရေး ဆင်နွှဲလျက်ရှိပါတယ်

အထူးသဖြင့် NLD အစိုးရလက်ထက်ကတည်းက Facebook စာမျက်နှာကနေတဆင့် ပြည်သူလူထုကို သူတို့ ဘက်ပါလာအောင် ငွေကြေး၊ နည်းပညာအသုံးပြုပြီး ဝါဒမှိုင်းတိုက်ခဲ့သလို လက်ရှိကာလမှာလည်း ​နောက်ကွယ်က လက်မည်းကြီးတွေရဲ့ အကူ အညီနဲ့ AI နည်းပညာအသုံးပြုပြီး သူတို့ဖြစ်စေချင်တဲ့ပုံစံအတိုင်း ပြည်သူလူထုက လိုက်ပါလုပ်ဆောင်လာအောင် အကွက်ကျကျ လုပ်ဆောင်နေတာကို သတိပြုမိစေချင်ပါတယ်

မြေပြင်အမှန်သတင်းပေါ် အခြေခံပြီး သူတို့ဖြစ်စေချင်တာတွေကို သတင်းအတု၊ သတင်းအမှားများ ထပ်ခါတလဲလဲလွှင့်ပြီး အမှန်တကယ်ဖြစ်နေသယောင်ယောင်နဲ့ ပြည်သူလူထုတုန်လှုပ်ခြောက်ခြား အောင်လုပ်နေကြခြင်းဖြစ်ပါတယ်

ဒါကြောင့်ပြည်သူများအနေနဲ့ Facebook ပေါ်က သတင်းများကို မယုံကြည်ဖို့နဲ့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်တဲ့ သတင်းများကိုလည်း နားထောင်ပြီး အဖျက်သမားတွေရဲ့ သတင်းထောင်ချောက်မမိစေရန် သတိပေးရေးသားလိုက်ရပါတယ်