လူတိုင်းရောက်ဖူးချင်တဲ့ မိုးကုတ်

လူတိုင်းရောက်ဖူးချင်တဲ့မိုးကုတ်ကို ကိုယ်လည်းရောက်ဖူးချင်လို့ ကျောပိုးအိတ်တစ်လုံးဆွဲကာ ထွက်ခဲ့တယ်။ မြင့်မားတဲ့တောင်တန်းတွေကြားက မြို့လေးကိုမြင်ချင်စိတ်ရယ် သူ့ရဲ့အရမ်းနာမည်ကြီးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်တွေနဲ့ပေါ့။

ပတ္တမြားမြေလို့နာမည်ကြီးတဲ့မြို့ဟာ အခုနောက်ပိုင်းပတ္တမြားတွေထက် ရေခဲတာကြောင့် ပိုနာမည်ကြီးပါတယ်။ ဘာကြောင့်နာမည်ကြီးကြီး မိုးကုတ်ဟာလာရတာဝေးပေမဲ့ လည်ရတာတန်တဲ့မြို့တစ်မြို့ပါပဲ။ မြို့ကိုနှစ်ပိုင်းခွဲထားပီး တစ်ခုနဲ့တစ်ခုဟာလည်း ခုနှစ်မိုင်လောက်ကွာတယ်။ အရင်ကကြားဖူးတာက မြို့တွေနှစ်ပိုင်းခွဲထားတယ်ဆိုတာ အလယ်ကမြစ်တို့ချောင်းတို့ခံနေလို့နှစ်ပိုင်းဖြစ်သွားတာမျိုးပေါ့။ မိုးကုတ်ကကျတော့ အဲလိုမဟုတ်ပြန်ဘူး။ ကိုယ့်အတွက်တော့ မိုးကုတ်မှာ မြင်မြင်သမျှအရာတိုင်းဟာ အထူးအဆန်းတွေချည်းပဲ။ ကိုယ်လည်ခဲ့မြင်ခဲ့ရတဲ့မိုးကုတ်က ဒါတွေပါ။

မိုးကုတ်မှာတွေ့ရများတဲ့ ရေနံနီသုတ်အိမ်

တောင်ဇလပ်ပန်းအဖြူ

အရှေ့ပိုင်း

ချမ်းသာကြီးဘုရား

ဒီဘုရားပေါ်ကမြင်ရတဲ့ မိုးကုတ်မြို့မြင်ကွင်းကို အရမ်းကြိုက်လွန်းအားကြီးလို့နေ့တိုင်းကိုသွားကြည့်ခဲ့တာ။ အရမ်းမမြင့်တဲ့တောင်ပေါ်မှာမို့ မြို့ထဲကအိမ်လေးတွေကို နီးနီးကပ်ကပ်နဲ့မြင်ရတာပါ။ အပင်တွေသိပ်မရှိဘဲ ရေနံနီသုတ်ထားတဲ့အိမ်လေးတွေအထပ်ထပ်နဲ့ ပူးကပ်တည်ရှိနေတဲ့ တောင်ကြားချိုင့်ဝှမ်းမြို့ရဲ့အလှကို ချမ်းသာကြီးဘုရားပေါ်က အလှဆုံးမြင်ရမှာပါ။ ဒီဘုရားမှာလှူထားတဲ့ ကျောက်သံပတ္တမြားတွေဆိုတာ များလွန်းလို့ မိုးကုတ်ကလူတွေ အဲလောက်တောင်မှလှူနိုင်တန်းနိုင်ကြတာလားလို့ တွေးမိတယ်။

ပတ္တမြားစေတီ

ချမ်းသာကြီးဘုရားနောက်ခံနဲ့မိုးကုတ်အင်း

ပတ္တမြားစေတီပေါ်ကမြင်ရတာ

ပတ္တမြားစေတီပေါ်ကမြင်ရတဲ့မြင်ကွင်း

ပတ္တမြားစေတီပေါ်ကမြင်ရတဲ့မြင်ကွင်းကို တချို့တွေကတော့ ပိုလှတယ်ပြောကြတယ်။ သူကကျတော့လ မြို့မြင်ကွင်းကို ပိုပိုကျယ်ကျယ် မြင်ရတယ်ပြောရမလား။ မိုးကုတ်အင်းကြီးရဲ့အလှကို အပြည့်အဝမြင်ရတာမျိုးပါ။ တစ်မျိုးစီပါပဲလေ။

မိုးကုတ်အင်း

ချမ်းသာကြီးဘုရားနောက်ခံနဲ့မိုးကုတ်အင်း

ချမ်းသာကြီးဘုရားနောက်ခံနဲ့မြင်ရတဲ့ မိုးကုတ်အင်းရဲ့အလှဟာ ထူးခြားပါတယ်။ မိုးကုတ်နှစ် (၈၀၀)ပွဲတော်ကြီးကို အင်းဘေးကကွင်းမှာ ကျင်းပသွားခဲ့တာပါ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ဘော်ဘဒန်းလှိုဏ်ဂူ

မိုးကုတ်မြို့ဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ကျော်ကြားမှုကြောင့် လူတိုင်းမရောက်ဖူးသည့်တိုင် ရင်းနှီးကြမှာပါ။ မိုးကုတ်ရောက်တုန်း ဆရာတော်ဘုရားကြီးရဲ့ဂူကတော့ မသွားမဖြစ်သွားကြရမှာပါ။ မိုးကုတ်အရှေပိုင်းအဝင် မင်းတံတား king bridge hotel ရှေ့နားမှာ ဘယ်ဘက်ချိုးတဲ့လမ်းရှိပါတယ်။ အဲလမ်းကနေဝင်သွားရင် တောက်လျှောက်ပါပဲ။ ပါးစပ်ပါရွာရောက်တယ်ဆိုသလိုပဲ မေးမြန်းပီးသွားရင် ဘော်ဘဒန်းရွာရောက်သွားပါလိမ့်မယ်။

မိုးမိတ်အထွက်လမ်းက မိုးကုတ်မြို့အဝင်ဆိုင်းဘုတ်

မိုးကုတ်မှာ မြို့အဝင်ဆိုင်းဘုတ် သုံးခုရှိပါတယ်။ အဲအထဲက မိုးမိတ်ကိုထွက်တဲ့လမ်းကမြို့အဝင်ဆိုင်းဘုတ်က ဓာတ်ပုံရိုက်လို့အလှဆုံးပါပဲ။ တော်တော်များများလည်း အဲမှာဓာတ်ပုံရိုက်ကြတာများပါတယ်။ သူ့ဆီကနေလည်း မြို့အလှကိုကြည့်လို့ရတယ်။ အပြည့်မမြင်ရပေမဲ့ တောင်တန်းတွေနဲ့ အိမ်တွေကြိုးတိုးကြဲတဲနဲ့ချိုင့်ဝှမ်းမြို့ရဲ့အလှကို တစွန်းတစတော့ခံစားရမှာပါ။

အာဒံဧဝ ပန်းခြံ

(၇) မိုင်ပန်းခြံလို့ နာမည်ကြီးပါတယ်။ မိုးကုတ်ကနေ မိုးမိတ်သွားတဲ့လမ်းပေါ်မှာရှိတာပါ။ မိုးမိတ်ထွက်တဲ့လမ်းဆိုင်းဘုတ်ကနေ တည့်တည့် (၇) မိုင်လောက်သွားရင်ရောက်ပါတယ်။ ရေကူးကန်နဲ့ လက်ဖက်ခြံလေးနဲ့ လင့်စင်လေးနဲ့ အတော်သာယာပါတယ်။ အရမ်းကြီး လူစည်ကားနေတာမျိုးတော့ မဟုတ်ပါဘူး။

ပိန်းပြစ်ရွာ

လီဆူပိန်းပြစ်ရွာရဲ့ ဘုရားကျောင်းကုန်းကနေရိုက်ထားတာ

အာဒံဧဝပန်းခြံကနေဆက်သွားရင် တောင်နှစ်ကွေ့သုံးကွေ့လောက်ကျော်တာနဲ့ ပိန်းပြစ်ရောက်ပါတယ်။ ပိန်းပြစ်မှာ သုံးပိုင်းရှိပါတယ်။လီဆူ ပလောင်နှင့်ဂေါ်ရခါးတွေနေကြတာဆိုတော့ သူ့လူမျိုးအလိုက် သူ့အပိုင်းလိုက်နေကြတာမျိုးပါ။ လီဆူတွေနေတဲ့နေရာမှာဆိုရင် ဘုရားကျောင်းကုန်းကနေ မြင်ရတဲ့မြင်ကွင်းက အရမ်းသာယာပါတယ်။

ဂေါ်ရခါးလူမျိုးတွေရဲ့ မြေကြီးအိမ်

အဲလိုမြေကြီးအိမ်တွေ ပိန်းပြစ်မှာ အတော်များများကျန်ပါသေးတယ် (အိမ်ပိုင်ရှင်အစ်မကြီးရိုက်ပေးတာ snap မိသွားတယ်)

ကိုယ်အဓိကပိန်းပြစ်သွားဖြစ်တာက ဂေါ်ရခါးလူမျိုးတွေရဲ့ မြေကြီးအိမ်မြင်ချင်လို့ပါ။ အဲလိုမြေကြီးအိမ်တွေ ပိန်းပြစ်မှာ အတော်များများကျန်ပါသေးတယ်။

သွားလည်ခဲ့တဲ့မြေကြီးအိမ်လေးတစ်ခု တောင်စောင်းလေးပေါ်တက်သွားရတာ

ဂေါ်ရခါးတွလူမျိုးတွေနေတဲ့နေရာရောက်တော့ လူစည်တဲ့ဆိုင်တစ်ဆိုင်မှာ မြေကြီးအိမ်တွေလေ့လာချင်လို့ ဘယ်နေရာမှာသွားကြည့်ရင် အဆင်ပြေနိုင်မလဲလို့မေးတော့ သူတို့ညွှန်ပြပါတယ်။ အရမ်းသဘောကောင်းကျတယ်။

ကင်းချောင်းရေတံခွန်

ကင်းချောင်းရေတံခွန်မှာ

မိုးကုတ်မြို့ခံတွေအလာများတဲ့ အပန်းဖြေနေရာတစ်ခုပါ။ ရေတံခွန်ကနွေရာသီဆိုတော့ ရေကျတာသိပ်မများပေမဲ့လည်း ရေကူးဖို့ဘောင်တွေခတ်ထားတာဆိုတော့ ရေကူးဖို့အရမ်းအဆင်ပြေမယ့်နေရာပါ။ ကိုယ်တော့မကူးခဲ့ဘူး။ ဓာတ်ပုံပဲရိုက်ခဲ့တယ်။ ကင်းချောင်းဘက်ကိုသွားချင်ရင် တောင်ကချင်ရပ်ကွက် မိုးကုတ်ထောင်နားကနေ မိုးကုတ်-ပြင်ဦးလွင်လမ်းအတိုင်းသွားရတာပါ။ မြို့အဝင်ဆိုင်းဘုတ်ကျော်ပါတယ်။ လမ်းပေါ်မှာတင် ကင်းချောင်းဆိုင်းဘုတ်အကြီးကြီးတပ်ထားတာဆိုတော့ လမ်းမှားနိုင်စရာအကြောင်းမရှိပါဘူး။

ဖောင်တော်ဦးဘုရား

နောက်ထပ်လည်စရာတွေက ဖောင်တော်ဦးမြတ်စွာဘုရား၊ လယ်ဦးသဘာဝလှိုင်ဂူ၊ ထာပွဲ၊ ဘုရားတစ်ထောင်တရုတ်ဘုံကျောင်း၊ အံ့ဖွယ်တောင်၊ တောင်မင်းတောင် အစရှိသဖြင့်အများကြီးကျန်သေးတာပေါ့လေ။

အနောက်ပိုင်း (ကျပ်ပြင်)

နာမည်ကြီးနေရာတော်တော်များများက ကျပ်ပြင်မှာရှိတာပါ။ သူက အရှေ့ပိုင်းထက်လည်း ရာသီဥတု ပိုအေးတယ်။

ဒေါ်နန်းကြည်တောင်

ဒေါ်နန်းကြည်တောင်အဆင်း

မိုးကုတ်မှာနာမည်အကြီးဆုံးနေရာပါ။ ဒေါ်နန်းကြည်တောင်ကနေကြည့်ရင် ဘာလို့မိုးကုတ်ကိုဒယ်အိုးမြို့လို့ခေါ်လဲ သဘောပေါက်ပါလိမ့်မယ်။ တောင်ပေါ်အထိ ကားလမ်းပေါက်တယ်။ တောင်တစ်ဝက်လောက်မှာ ကျပ်ပြင်ရဲ့အလှက်ုကြည့်ရင်းစားလို့ရတဲ့ စားသောက်ဆိုင်လေးတွေလည်းရှိတယ်။ ဒေါ်နန်းကြည်တောင်နဲ့ကျပ်ပြင်မှာရှိတဲ့ နောက်တောင်တစ်တောင်ဖြစ်တဲ့ ပင့်ကူတောင်ကိုကျတော့ တစ်ရက်တည်းအတူမတက်ရဘူးလို့လည်း ပြောကြတယ်။

ကျပ်ပြင်ရဲ့အလှကို ဒေါ်နန်းကြည်တောင်ကမြင်ရတာ

ကျောက်ပြာသာဒ်ဘုရား

ကျောက်တောင်တွေ အမွှာမွှာဖြစ်နေတဲ့အပေါ်မှာ ဘုရားတည်ထားပါ။ ရုတ်တရက်ကြည့်လိုက်ရင် တောင်ကွဲစေတီနဲ့ဆင်တယ်။ အနောက်ပိုင်းအဝင်ဆိုင်းဘုတ်နားမှာ ကျောက်ပြာသာဒ်ရွာသွားတဲ့ လမ်းခွဲလေးရှိပါတယ်။

ရွှေလိပ်ပြာဟိုတယ်

ရွှေလိပ်ပြာဟိုတယ်မှာ ရှုခင်းလေးကြည့်ပြီးကော်ဖီသောက်

အရှေ့ပိုင်းနဲ့အနောက်ပိုင်းကြားမှာ လိပ်ပြာပုံကြီးတစ်ခုတွေ့လိမ့်မယ်။ အဲဒါရွှေလိပ်ပြာဟိုတယ်ပါပဲ။ သူ့ဆီမှာကော်ဖီသောက်ရင်း ရှုခင်းသွားကြည့်လို့ရတယ်။ ဟိုတယ်ဝန်းထဲဝင်ဖို့ကျတော့ ဝင်ကြေး (၁၀၀၀) ပေးရပါတယ်။ ဝန်းထဲမှာလည်း ဓာတ်ပုံရိုက်လို့ကောင်းတယ်။

နောက်ထပ်လည်စရာတွေကတော့ ကျောက်လက်ညှိုးတောင်၊ ပင့်ကူတောင် တို့ကျန်ပါသေးတယ်။ ကိုယ်မရောက်ဖြစ်လိုက်ဘူး။ နောက်တစ်ခုက မိုးကုတ်ကိုအဓိကအားဖြင့် ရေတွေခဲနေတာမြင်ချင်လို့ လာကြတာများတယ်။ ရေခဲတာကတော့ ဒီနေ့ခဲရင် မနက်ဖြန်မခဲပြန်ဘူး။ အဲလိုပုံမှန်မရှိကြတော့ ဒါကြီးကို စိတ်နှစ်ပြီးမသွားစေချင်ဘူး။ ထီထိုးသလိုပဲ ကိုယ့်ကံနဲ့ပဲဆိုင်ပါတယ်။