လူငယ်မောင်မယ်တို့ဘဝနှင့်ပညာရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ပြဋ္ဌာန်း ချက်များအရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထမ်းဆောင်လျက်ရှိသည်။ ထိုသို့ထမ်းဆောင်လျက်ရှိရာတွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် ထာဝရ အကျိုးများစေမည့် လုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်တွင်သာ ရှိနေသေး သည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ရေရှည်မျှော်မှန်းလုပ်ဆောင်နေသည်။ နိုင်ငံကိုကဏ္ဍပေါင်းစုံ ဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိကလုပ်ဆောင်သင့်သည့်အရာမှာ ပညာရေးဖြစ်သည်။

ပညာရေးဟုဆိုရာတွင် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာတက္ကသိုလ်များတွင်လေ့လာ ဆည်းပူးအပ်သော ပညာရပ်တစ်ခု တည်းကိုသာဆိုလိုခြင်း မဟုတ်ပေ။ ပညာနှင့်ပတ်သက်၍ ရှေးပညာရှိများက ပညာအပြားသုံးပါးရှိကြောင်း သတ်မှတ်ခဲ့သည်။ ထိုပညာအပြားသုံးပါးမှာ သုတမယပညာ- အမြင်အကြားကြောင့်တတ်သောပညာ၊ စိန္တာမယပညာ- ကြံစည်ဆင်ခြင်စဉ်းစား၍ တတ်သောပညာ၊ ဘာဝနာမယပညာ-ကျင့်ကြံပွားများ အားထုတ်၍သိသော ပညာဟူ၍ဖြစ်သည်။ ထိုပညာရပ်များကို အနှစ်ချုပ် ဆိုရလျှင်ဘက်စုံပညာရေးဟုဆိုနိုင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်၊ လူမှုရေးဦးတည်ချက်တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ် များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး” ဟူ၍ဖော်ပြထားသည်။ ပညာနှင့်ပတ်သက်၍ အတွေးအခေါ်အယူအဆ လမ်းမှားမရောက်ရန်လည်း အရေးကြီးလှသည်။ အချို့က ဘွဲ့ဒီဂရီတွေများစွာ ရရှိထားသော်လည်း အတွေးအခေါ်လွဲမှားကာ လမ်းမှားသို့ရောက်သွားသူများရှိသည်။ “သန့်ရှင်းတဲ့နား အကြားများသည်၊ ကြည်လင်တဲ့မျက်စိ အမြင်များသည်၊ စင်ကြယ်တဲ့စိတ် အသိများသည်” ဆိုစကား ရှိထားပေရာ အမှန်ကိုကြား၊ အမှန်ကိုမြင်၊ အမှန်ကိုသိကြရန်အရေးကြီးလှသည်။

လူငယ်မောင်မယ်တို့ဘဝတွင် ပထမအရေးကြီးသည်မှာ ဗဟုသုတရှိဖို့၊ ဒုတိယမှာ သတိရှိဖို့၊ တတိယ မှာအမှားအမှန်ခွဲခြားသိဖို့၊ စတုတ္ထမှာ ဝီရိယနှင့်အလုပ်လုပ်ဖို့ဖြစ်သည်။ ထိုလေးချက်အတွက် အခြေခံအကျဆုံးမှာ ပညာပင်ဖြစ်သည်။ လောကကြီးပွားရေး၊ လူတစ်ဦးချင်းကြီးပွားရေးမှာ ပညာသာအဓိကဖြစ်သည်။ မြန်မာနိုင်ငံတွင် အတန်းပညာနှင့်ပတ်သက်၍ နိုင်ငံ့လူဦးရေ၏ ထက်ဝက် ကျော်ခန့်မှာ အခြေခံပညာအလယ်တန်း အောက်၌သာရှိနေကြောင်း လေ့လာသိရှိရသည်။ ပညာရေးအားနည်းသည့်အခါ အလုပ်အကိုင် အခွင့်အလမ်း များရရှိမှုမှာလည်း အားနည်းပြီး လူမှုစီးပွားဘဝများလည်း ခက်ခဲနိမ့်ကျမည်သာဖြစ်သည်။

နိုင်ငံတော်အကြီးအကဲက ပညာရေးနှင့်ပတ်သက်၍ “လာမည့်ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံးဖွင့်လှစ်နိုင်အောင်  မိမိတို့အနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့နေရာဒေသအားလုံး၌ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်လည်း အချို့သောနေရာဒေသများကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရခြင်းဖြစ်ကြောင်း၊ စည်းကမ်းကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်မှသာလျှင် ကျောင်းနေအရွယ် ကလေးငယ်အားလုံး၏ အခွင့်အရေးများ မဆုံးရှုံးမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းများ၏ အခက်အခဲများကို လည်း အတတ်နိုင်ဆုံး ဖြေရှင်းဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ကျောင်းတက်ရောက်သူဦးရေသည်လည်း လာမည့် ပညာသင်နှစ်တွင် ပိုမိုတိုးပွားလာမည်ဖြစ်သဖြင့် အားလုံးအေးအေးချမ်းချမ်းဖြင့် ပညာသင်ကြားနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၉ ရက် တွင် လမ်းညွှန်မှာကြား ထားသည်။

လူသားတိုင်း၏ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်လာလျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ နှောင့်ယှက်ဖျက်ဆီးမှု ပြုလုပ်ရန်မသင့်ပေ။ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့်နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုကာလအတွင်း လူငယ်တို့၏ ပညာရေး အားနည်းချက်၊ အလုပ်အကိုင်အခွင့်အလမ်း အားနည်းချက်ကိုအသုံးချကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် EAO သွေးထိုးမှုများကြောင့် လမ်းမှားရောက်ခဲ့ရသူများစွာရှိခဲ့သည်။ လမ်းမှားရောက် သူများအနေဖြင့် မိမိအမှားကိုအမှားမှန်းသိကာ ဥပဒေဘောင်အတွင်း ပြန်လာလိုသော်လည်း တားဆီးပိတ်ပင်မှုများနှင့် ကြုံတွေ့ နေရကြောင်း သိရှိရသည်။

လူငယ်မောင်မယ်တို့ဘဝတွင် ပညာရေးအခြေခံနည်းပါးခြင်း၊ အတွေးအခေါ်လွဲမှားခြင်းမျိုးနောင်တွင် မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးကဏ္ဍကို အထူးအလေးထား လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ လူနေမှုစနစ် မြှင့်တင်ရန် အတွက် စီးပွားရေးကောင်းရမည်။ စီးပွားရေးကောင်းရန်အတွက် အတန်းပညာ၊ အတတ်ပညာများရှိနေရမည်။ ထို့ကြောင့် အတန်းပညာနှင့်ပတ်သက်လျှင် အနည်းဆုံး KG+9 အထိ သင်ယူတတ်မြောက်ကြရမည်။ ထိုမှတစ်ဆင့် စက်မှုစိုက်ပျိုး မွေးမြူရေး ကျောင်းများသို့ ဆက်လက်တက်နိုင်သည်။ ထိုသို့တက်နိုင်ရန်အတွက် မြို့နယ်အလိုက်ကျောင်းပေါင်း ၅၁ ကျောင်းဖွင့်လှစ်ရန် ဆောင်ရွက်ထားပြီးဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူငယ်မောင်မယ်များအနေဖြင့် မိမိဘဝမြင့်မားရေး၊ မိမိဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော် တိုးတက်ရေးအတွက် မိမိဝါသနာပါသော ပညာရပ်များကို ဆုံးခန်းတိုင်သင်ယူကြရန်ဖြစ်ပါကြောင်း ရေးသားလိုက် ရပေသည်။    ။