လာမည့် ၃ ရက်အတွင်း နိုင်ငံအနှံ့ မိုးရွာနိုင်

ဇူလိုင် ၁၁ ရက်နေ့ ညနေ ၃ နာရီကနေ ဇူလိုင် ၁၄ ရက် ညနေ ၃ နာရီအထိ ၇၂ နာရီအတွင်းမှာ အလယ်ပိုင်းဒေသတွေအပါအဝင် နိုင်ငံအနှံ့မိုးရွာသွန်းမှုတွေရှိနိုင်ပြီး ပြည်နယ်၊ တိုင်းတချို့မှာတော့ နေရာကွက်မိုးကြီးနိုင်တယ်လို့ နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ လာမယ့် ၇၂ နာရီအတွင်း ဘယ်ဒေသတွေမှာ မိုးဘယ်လောက်များနိုင်သလဲ၊ လက်ရှိ အခြေအနေတွေအရ ဘယ်လိုထူးခြားဖြစ်စဉ်တွေရှိနေလဲ ဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

“ ပြည်နယ်၊ တိုင်းတွေအနေနဲ့ ပြောမယ်ဆိုရင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ် အဲ့ဒီနေရာတွေမှာ နေရာကွက် မိုးများနိုင်တယ်။ ပျမ်းမျှအားဖြင့် ၇၂ နာရီအတွင်းမှာ ၂ လက်မကနေ ၃.၅ လက်မလောက်အထိ ရွာနိုင်တယ်။ မရွာနိုင်ဘူး နည်းတယ်ဆိုတဲ့ ဒေသကို မရှိလောက်တော့ဘူး။ တစ်နိုင်ငံလုံးလိုလို မိုးရွာမှာပဲ”  

“ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာတော့ သုံးရက်အတွင်းမှာ စုစုပေါင်း မိုးရေ ချိန်က ၃ လက်မကနေ ၈ လက်မလောက်ထိ ရွာနိုင်တယ်။ မိုးပိုများနိုင်တာပေါ့” 

ထူးခြားဖြစ်စဉ်အခြေအနေမျိုးကော ဘာရှိသေးလဲဆရာ…

“ ၁၆ ရက်၊ ၁၇ ရက်လောက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ် ဝန်းလေးတစ်ခု အစပျိုးလာနိုင်တဲ့ အနေအထားတစ်ခု တွေ့ထားတယ်။ နိုင်ငံတကာ မိုးလေဝသ အကုန်လုံးကလည်း ဒီနေရာမှာ လေဖိအားနည်းရပ်ဝန်းအစပျိုးမယ်။ ပြီးရင် မုန်တိုင်းအဆင့်ကို ရောက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကတော့ ထွက်လာပြီ။ နောက် ၁၀ ရက်အတွင်းမှာ မုန်တိုင်း ဖြစ်လာနိုင်ချေက ၇၀ ရာခိုင်နှုန်းလောက်ထိ ပြနေတယ်။ လောလောဆယ်ခန့်မှန်းချက်တွေအရဆို ဒီမုန်တိုင်းက မုန်တိုင်းအဆင့်ထိ ရောက်လာမယ်၊ အနောက် အနောက်မြောက်ဘက် အိန္ဒိယ ဩရိဿဘက်ကိုပဲ ရွေ့ပြီးဝင်သွားမယ်လို့ မှန်းထားတယ်”

“ နောက်တစ်ခုသတိထားသင့်တာက မြစ်ရေတွေအခြေအနေပဲ။ မိုးဇလကလည်း ထုတ်ထားတယ်။ ဧရာ ဝတီမြစ်ရေက မြစ်ကြီးနားတို့၊ ဗန်းမော်တို့မှာ လက်ရှိရေအမှတ်တွေထက် ၂ ပေကနေ ၃ ပေလောက်ထိ မြင့်တက်လာမယ်လို့ ပြောထားတယ်။ ချင်းတွင်းဆိုရင်လည်း မြို့တွေမှာ ၅ ပေကနေ ၁၀ ပေအထိ မြင့် လာနိုင်တယ်။ အဲ့လောက်ဆို တော်တော်များတယ်” 

ဟု မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”