လန်ဒန်ခြင်္သေ့ကို အမဲလိုက်ပြီး ဆင်ပျံကြီးကို ကြောက်ဒူးတုန်စေခဲ့တဲ့ မန်စီးတီး

(ချဲလ်ဆီး ဝ-၁ မန်စီးတီး ပွဲပြီး)

January 6, 2023

မန်စီးတီးကတော့ စတမ်းဖို့ဘရစ်ချ်မှာ နိုင်ပွဲတစ်ပွဲကို ခဲရာခဲဆစ်ရယူပြီး အာဆင်နယ်ရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ ဒီပွဲမှာ ၃-၂-၄-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဖိုဒန်၊ ဟာလန်း၊ ဒီဘရိုင်းတို့ကို အသုံးပြုခဲံပါတယ်။

ကွင်းလယ်မှာ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗား၊ ဂန်ဒိုဂန်တို့ကို ကစားစေခဲ့တာပါ။ ချဲလ်ဆီးက ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ကာ ဟာဗက်ဇ်၊ ပူလီဆစ်၊ စတာလင်၊ ဇီးယက်ချ်၊ ကိုဗာဆစ်၊ ဇာကာရီယာ၊ ကူကူရယ်လာ၊ ကူလီဘာလီ၊ ဆေးလ်ဗားတို့ စုဖွဲ့မှုနဲ့ပဲ မန်စီးတီါ်ကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အိမ်ရှင်ချဲလ်ဆီးအသင်းရဲ့နည်းဗျူဟာပိုင်းနဲ့ ကစားကွက်က ကောင်းမွန်မှုရှိခဲ့ပြီး အရင်ပွဲတွေတုန်းကနဲ့ တခြားစီဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာဆိုရင် ချဲလ်ဆီးတို့ ပွဲကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး မန်စီးတီးတို့ ဘာမှ လှုပ်မရခဲ့ပါဘူး။

အထူးသဖြင့် ချဲလ်ဆီးက မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို လှုပ်မရအောင် အသေထိန်းချုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ချဲလ်ဆီးကွင်းလယ်မှာလည်း ဇာကာရီယာ၊ ကိုဗာဆစ်အတွဲက ကွင်းလယ်ထိန်းချုပ်ပုံကောင်းခဲ့ပြီး မန်စီးတီးကွင်းလယ်ကို ယှဉ်ကစားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးရဲ့တိုက်စစ်လမ်းကြောင်းတွေကလည်း အားရစရာကောင်းခဲ့ပြီး Final Third မှာ အားနည်းချက်တစ်ချို့ရှိခဲ့လို့သာ ဂိုးမရခဲ့တာပါ။ ပထမပိုင်းမှာ ချဲလ်ဆီးက ပိုကောင်းခဲ့ပြီး ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးက သူတို့ရဲ့ ပုံစံကောင်းကို ထိန်းထားပြီး စည်းလုံးမှုရှိရှိ ကစားနိုင်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ခေါင်းမမာတော့ဘဲ မိနစ် ၆၀ မှာ ဂရီးလစ်ရှ်၊ မာရက်ဇ်တို့ကို ထည့်သွင်းခဲ့ပါတယ်။ သူတို့ဝင်လာခဲ့ပြီးနောက် မန်စီးတီးတိုက်စစ်က ကောင်းမွန်လာခဲ့ပြီး အချိတ်အဆက်တွေက အားရစရာ ကောင်းလာခဲ့ပါတယ်။

အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ၃ မိနစ်အကြာမှာ မန်စီးတီးတို့ ဒီပွဲစဉ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ လူစားဝင် ဂရီးလစ်ရှ်ရဲ့ မျှောပေးမှုကို မာရက်ဇ်က အနီးကပ်ပိတ်သွင်းခဲ့တာပါ။ အဲဒီနောက် ချဲလ်ဆီးတို့ ပြန်လည်ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့လို့ အိမ်ကွင်းမှာ အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ မန်စီးတီးက ဒီပွဲကို အနိုင်ရလို့ အာဆင်နယ်နဲ့ ၅ မှတ်အကွာ အနေအထားကို ပြန်ရောက်လာပါပြီ။