လည်ပင်းအကျိတ်ရောင်ခြင်း‌‌အကြောင်း

လည်ပင်းမှာရှိတဲ့ ပြန်ရည်ကျိတ်တွေက အစုလိုက်ရှိပြီးတော့ အကျိတ်ကြီးတာဟာ ထိုနေရာမှာ ပြဿနာတစ်ခုခု ရှိနေပြီဆိုတာကို ပြပါတယ်။ ဥပမာ – ခန္ဓာကိုယ်အနှံ့က အကျိတ်တွေ ကြီးလာတယ်ဆိုတာက ရောဂါပိုး ဝင်ခြင်း၊ ကိုယ်ရဲ့ ခုခံအားစနစ်က ကိုယ့်ကိုယ်ကို် ပြန်တိုက်တဲ့ရောဂါ၊ ဆေးတွေရဲ့ တုံ့ပြန်သက်ရောက်မှု၊ သွေးဖြူဥကင်ဆာစတဲ့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဆိုင်တဲ့ ပြဿနာတစ်ခုခု ရှိနေပြီဆိုတာကို ဆိုလိုပါတယ်။ လည်ပင်း အကျိတ်ကြီးခြင်းက လည်ပင်း၊ ခေါင်း (သို့) ပါးစပ် စတဲ့ တစ်နေရာရာမှာ အအေးမိခြင်း အပါအဝင် ရောဂါပိုး ဝင်ရောက်နေလို့ ဖြစ်နိုင်ပါတယ်။ Toxoplasmosis ၊ TB စတာတွေကြောင့်လည်း လည်ပင်းအကျိတ် ကြီးနိုင်ပါတယ်။

>> လည်ပင်း အကျိတ်ရောင်ရင် ဆရာဝန်နဲ့ ပြမှာလား?

လည်ပင်း အကျိတ်ကြီးတာက ကင်ဆာနဲ့ အခြားပြင်းထန်တဲ့ရောဂါတွေကြောင့် အမြဲမဖြစ်နိုင်ဘဲ ရိုးရိုးရောဂါပိုး ဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နားကိုက်တာ၊ လည်ချောင်းနာတာတွေ ရှိတယ်ဆိုရင်လည်း အနားမှာရှိတဲ့ လည်ပင်းအကျိတ်တွေ ရောင်နိုင်ပါတယ်။ ဒါက ခန္ဓာကိုယ်ကနေပြီး ရောဂါပိုးတွေကို တိုက်ထုတ်နေတဲ့ လက္ခဏာပါ။ နေမကောင်းတာကို ဆရာဝန် သွားပြနိုင်ပါတယ်။ ဒါပေမဲ့ လည်ပင်းအကျိတ်ကြီးတာ အတွက်တော့ စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမဲ့ အဖျားမရှိဘဲနဲ့ အကျိတ်ကြီးတာ ဆိုရင်တော့ ဆရာဝန်သွားပြသင့်ပါတယ်။

တစ်ခါတလေမှာ အကျိတ်တွေက အရမ်းမြန်မြန်ကြီးလာပြီး နာကျင်လာတတ်ပါတယ်။ ဒါက 2 ရက်ကနေပြီး 2 ပတ်လောက်အထိ ကြာတတ်ကာ စိတ်ပူရမယ့် အကြောင်းအရင်း အစစ်အမှန်လည်းမရှိ ဖြစ်နေတတ်ပါတယ်။ ဒီတော့ သေချာမှတ်ထားရမှာက အအေး အနည်းငယ်မိတာနဲ့ အတူတွဲပြီး လည်ပင်းအကျိတ်ကြီးတယ် ဆိုရင်တော့ ဆရာဝန် သွားမပြသေးခင် 3-4 ရက်လောက် စောင့်ကြည့်လိုက်ပါဦး။

ရှားပါးဖြစ်စဉ်အနေနဲ့ သွေးကင်ဆာတစ်မျိုးဖြစ်တဲ့ Lymphoma ကြောင့် အကျိတ်တွေ ကြီးနိုင်ပါတယ်။ အကျိတ်ကြီးတာက 3 ပတ်ထက် ပိုရင် (သို့) အောက်ပါလက္ခဏာတွေနဲ့အတူ တွဲပြီးဖြစ်တယ်ဆိုရင် ဆရာဝန် ချက်ချင်းသွားပြပါ။

• အားနည်းခြင်း (သို့) အားအင်ကုန်ခမ်းခြင်း

• အကြောင်းအရင်းမရှိ ကိုယ်အလေးချိန် လျော့ကျခြင်း

• ဖျားခြင်း

• ချမ်းတုန်ခြင်း

• ညဘက်တွင် ချေွးများ ထွက်ခြင်း

>> ကုထုံးများ

အကျိတ်တွေ ရောင်တာအတွက် အခြေခံအကျဆုံး ကုထုံးကတော့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Acetaminophen, Ibuprofen စတဲ့ ဆေးတွေပါ။ ခုခံအားစနစ် ပြဿနာရှိတယ် ဆိုရင်တော့ ဆရာဝန် ညွှန်ကြားတဲ့ဆေးကိုပဲ သောက်ရပါမယ်။ အကျိတ်မှာ ပြည်တည်တာက ဖြစ်ခဲပေမယ့် ဒီလိုဖြစ်လာရင် အသေးစားခွဲစိတ်မှု ပြုလုပ်ပြီး ရောဂါပိုးဝင်တဲ့အရာတွေကို ဖယ်ထုတ်ပစ်ရပါမယ်။

အကျိတ်ကြီးတဲ့နေရာက နာကျင်တယ်ဆိုရင် ရေးအေးဝတ်၊ ရေပူဝတ်ကို တစ်ပြိုင်နက်တည်း ကပ်ပေးနိုင်ပါတယ်။ ရေအေးနဲ့ ရေနွေးကို ဇလုံတစ်ခုစီထဲမှာ ထည့်ထားပါ။ သန့်ရှင်းတဲ့ အဝတ်စ 2 ခုကိုလည်း ပြင်ဆင်ထားပါ။ ရေညှစ်ထားတဲ့ ရေနွေးဝတ်ကို အကျိတ်ပေါ်မှာ 10 မိနစ်လောက် ကပ်ပေးပြီးနောက် ရေအေးဝတ် ဆက်ကပ်ပေးပါ။

ရှေးနှစ်ထောင်ပေါင်းများစွာ ကတည်းက ပျားရည်ကိုလည်း သုံးစွဲခဲ့ကြပါတယ်။ အကျိတ်ကြီးတာနဲ့ နာကျင်တာကို သက်သာစေဖို့အတွက် ပျားရည်ကို သုံးစွဲနိုင်ပါတယ်။ ပျားရည်လက်ဖက်ရည်ဇွန်း 1 ဇွန်းကို ရေနွေး (သို့) လက်ဖက်ရည်ကြမ်းထဲမှာ ပျောက်ဝင်စေပြီး တိုက်ပေးခြင်းအားဖြင့် ရက်အနည်းငယ် ကြာတဲ့အခါ သက်သာလာတာကို တွေ့နိုင်ပါတယ်။

တစ်ခါတလေတော့လည်း အကျိတ်ကြီးတာ မဟုတ်ဘဲနဲ့ နားအတွင်းဘက်ကနေပြီး ဦးခေါင်းဆီကိုသွားတဲ့ ကြွက်သားတွေ တင်းတာ ဖြစ်နိုင်ပါတယ်။ အိပ်စက်တဲ့ပုံစံ မမှန်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြွက်သားတွေ တင်းနိုင်ပါတယ်။ ဒီကြွက်သားတွေ တင်းတဲ့အခါမှာ အာရုံကြောကို ဖိမိပြီး မသက်မသာဖြစ်ခြင်း၊ နာကျင်ခြင်းနဲ့ အကြားအာရုံ ဆုံးရှုံးခြင်းတွေတောင် ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ နားအောက်နားမှာ အနည်းငယ် ကြီးနေပြီး ထိရင်နာကျင်စေနိုင်ပါတယ်။ ဘာဖြစ်နေတယ်ဆိုတာကို သေချာသိဖို့အတွက် ဆရာဝန်သွားပြပါ။ တင်းပြီး ရောင်နေတဲ့ ကြွက်သားတွေကို ပြေလျော့စေဖို့အတွက် ကျွမ်းကျင်တဲ့သူက သေချာနှိပ်နယ်ပေးဖို့ လိုပါတယ်။