ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားခရီးသွားလာရောက်မှု သိသိသာသာတိုးလာပြီလို့ ဂေါပကအဖွဲ့ပြော

ယခုခရီးသွားရာသီကာလမှာ ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားခရီးသွားဝင်ရောက်မှု သိသိသာသာတိုးလာတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က သိရပါတယ်။

“ခရီးသွားရာသီလို့ပြောလို့ရတဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီတို့မှာဆိုရင် ဘုရားဖူးဝင်ရောက်မှု သိသိသာသာလေးပိုများပါတယ်။ နိုင်ငံခြားသားဘုရားဖူးတွေမှာ အာဆီယံနိုင်ငံတွေ အာရှနိုင်ငံတွေက ပိုများပါတယ်။ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ပေါ့၊ ဥရောပနိုင်ငံတွေက ဒုတိယအများဆုံးလာပြီး အမေရိကန်တို့ အာဖရိကတို့လည်းလာကြပါတယ်။ ဘုရားသမိုင်းကိုထဲထဲဝင်ဝင်လေ့လာဖို့ ဘုရားမှာရှိတဲ့ အနုလက်ရာ ဗိသုကာတွေ သဘောတွေ့ကြပါတယ်”လို့ ရွှေတိဂုံစေတီတော်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရွှေတိဂုံစေတီတော်ကို လာရောက်တဲ့ ပြည်တွင်းပြည်ပဘုရားဖူးက တစ်ရက်ကို နှစ်သောင်းကျော်လောက်ရှိပြီး အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့တွေမှာ ဘုရားဖူးဧည့်သည်ဦးရေ ၃၀၀၀၀ မှ ၅၀၀၀၀ လောက်ထိ လာရောက်တယ်လို့ သိရပါတယ်။