ကြက်သွန်စျေးက ကြက်သားဈေးထက် သုံးဆမြင့်တက်လာတာကြောင့် ဖိလစ်ပိုင်က ပြည်ပမှ တင်သွင်းဖို့ စီစဉ်


ကြက်သွန်နီ ဈေးနှုန်းမြင့်တက်မှုကြောင့် တစ်စိတ်တစ်ပိုင်း အနေနဲ့ ငွေဖောင်းပွမှု ၁၄နှစ်အတွင်း အမြင့်မားဆုံး ဖြစ်နေချိန်မှာ ဖိလစ်ပိုင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ပြည်တွင်း စားသုံးမှု ဖူလုံရေး ကြက်သွန်နီ တန်ချိန် ၂၂၀၀၀ကို ပြည်ပက တင်သွင်းဖို့ စီစဉ်နေပါတယ်။

ကြက်သွန်နီတွေ ပြည်ပက တင်သွင်းမယ့် အစီအစဉ်ကို ဖိလစ်ပိုင် သမ္မတက မကြာခင် ခွင့်ပြုသွားဖို့ ရှိနေတယ်လို့ အစိုးရ အရာရှိတွေက ပြောကြားပါတယ်။

ဒီအစီအစဉ်ကြောင့် ပြည်တွင်း ကြက်သွန်နီ ဈေးကွက် တစ်လလောက် အခြေအနေကောင်းသွားနိုင်ပြီး ဈေးနှုန်း ကျဆင်းလာမှာ ဖြစ်သလို ငွေကြေး ဖောင်းပွမှု ဖြစ်စေတဲ့ ကုန်စည်တစ်ခုကို အခုလိုပြည်ပက မှာယူဖို့ စီစဉ်တာ ဖြစ်တယ်လို့ ဖိလစ်ပိုင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။

ဒီအစီအစဉ်ဟာယာယီ အစီအစဉ် ဖြစ်သလို နောက်ထပ် ပြည်ပက ကြက်သွန်နီ တင်သွင်းဖို့ စီစဉ်ထားတာ မရှိဘူးလို့ ဖိလစ်ပိုင် အရာရှိတွေက ပြောကြားပါတယ်။