ရွှေဆိုင်အများစု အခေါက်ရွှေအရောင်းရပ်ထား

ဇူလိုင်လနောက်ဆုံးပတ်အတွင်း ရွှေဈေးအတက်အကျမြန်နေတဲ့အတွက် ရွှေဆိုင်အများစု အခေါက်ရွှေအရောင်းရပ်ပြီး ၁၅ ပဲရည်ရွှေထည်တွေသာ ဆက်လက်ရောင်းချနေတယ်လို့ ဈေးကွက်မှ သိရပါတယ်။

“အရင်လို အလျော့တွက်လက်ခနည်းတဲ့ မောင်းကွင်းဗြောင်ကွင်းကိုဆိုရင် အခေါက်ရွှေနဲ့ မရောင်းတော့ဘူး။ လက်ရှိ နာမည်ကြီး live sale လွှင့်တဲ့ ရွှေဆိုင်တွေတောင် မေးကြည့်တော့ အခေါက်ရွှေအရောင်းရပ်ထားတယ်။ ၁၅ ပဲရည်ဈေးကလည်း သိန်း ၃၀ ကနေ ၃၃ သိန်းဝန်းကျင် ဈေးအတက်အကျကိုရှိနေတာ ဈေးကို တစ်ပတ်လုံး မငြိမ်ဘူး” လို့ ရွှေဝယ်ယူသူတွေက ပြောပါတယ်။

လက်ရှိ ရွှေဈေးမတည်ငြိမ်မှုအပေါ်အကြောင်းပြုပြီး အလျော့တွက်လက်ခပိုယူတဲ့ ရွှေဆိုင်တွေ ရှိနေတဲ့အတွက်ကြောင့် သင့်တင်တဲ့ အလျော့တွက်လက်ခထက်ပိုမတောင်းဖို့ ရန်ကုန်ရွှေအသင်းကပြောကြားထားပါတယ်။