ရုရှား၏ ရန်ပုံငွေသိမ်းကာ ယူကရိန်းသို့ပေးပို့မည့် အစီအစဉ်မအောင်မြင်

ရုရှား၏ ရန်ပုံငွေများကို အသုံးပြုကာ ယူကရိန်းသို့အကူ အညီများ ပေးပို့မည့် အစီအစဉ်ကို အမေရိကန်ဘဏ္ဍာဝန်ကြီး ဂျဲနက်ယဲလင်က ဘရာဇီးလ်နိုင်ငံတွင် ပြုလုပ်သည့် G20 အဖွဲ့၏ ဘဏ္ဍာရေးဝန် ကြီးများ တွေ့ဆုံဆွေးနွေးပွဲအတွင်း ထည့်သွင်းပြောကြားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းက မဖြစ်နိုင်ကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က ပြောဆိုမှုများရှိနေသော်လည်း ချေးငွေအတွက် အပေါင်ခံပစ္စည်းအဖြစ် ရန်ပုံငွေများကို အသုံးပြုခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ရုရှားဗဟိုဘဏ်ပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ(၃၀၀)ဘီလျံကို သိမ်းယူနိုင်မည့် နည်းလမ်း များရှိကြောင်း ဂျဲနက်ယဲလင်က ပြောဆိုခဲ့သလို ခိုင်မာသော ဥပဒေမူဘောင်တစ်ခု လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

အမေရိကန်နှင့် ဗြိတိန်တို့သည် ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူရန်အတွက် တွန်းအားပေးလုပ်ဆောင်နေသော်လည်း အဆိုပါလုပ်ရပ်ကြောင့် ဥပဒေနှင့်ဘဏ္ဍာရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများရှိလာနိုင်ကြောင်း ဥရောပသမဂ္ဂက သတိပေးပြောဆိုထားပြီး ဂျဲနက်ယဲလင်၏ပြောဆိုချက်များကိုလည်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Bruno Le Maire က မေးခွန်းထုတ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းသည် ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိခိုက်စေနိုင်သည့်အပြင် အရန်ငွေကြေးအဖြစ် ယူရို၏အဆင့်အတန်းအပေါ် ယုံကြည်မှုများကို ပျက်ပြားသွားစေနိုင်သည်ဆိုသည့် အချက်ကို အများစုက စိုးရိမ်နေကြောင်း ပြင်သစ်၊ ဂျာမနီ နှင့် ဥရောပဗဟိုဘဏ်တို့က ဆိုခဲ့သည်ဟု သိရသည်။

#𝙈𝙃𝙏𝙉𝙀𝙒𝙎