ယူကရိန်းအနီးတွင် ရုရှားစစ်လေယာဉ် ၄ စင်း ပစ်ချခံခဲ့ရ

ယူကရိန်းနယ်စပ်အနီးတွင် ရုရှားတိုက်လေယာဉ် ၂ စင်းနှင့် စစ်သုံး ရဟတ်ယာဉ် ၂ စင်းသည် မေလ ၁၃ ရက်က ပစ်ချခံခဲ့ရသည်ဟု Sky News က ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

Su-34 တိုက်လေယာဉ်၊ Su-35 တိုက်လေယာဉ်နှင့် Mi-8 ရဟတ်ယာဉ် ၂ စင်းတို့သည် စီးနင်းတိုက်ခိုက်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ယူကရိန်း အရှေ့မြောက်ပိုင်းနှင့်ကပ်လျက်ရှိသော ဘရန်နက်စ်ဒေသအတွင်း ချုံခိုတိုက်ခိုက် မှုတွင် တစ်ပြိုင်နက်တည်း ပစ်ချခံရသည်ဟု Kommersan လွတ်လပ်သော ရုရှားသတင်းများတွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

ရုရှားလူမှုကွန်ရက်မီဒီယာပေါ်တွင် တင်ထားသည့် ဗီဒီယိုများ၌ ယူကရိန်း နယ်စပ်ရှိ ရုရှားနိုင်ငံ၏ ဘရန်နက်စ်ဒေသတွင် ရဟတ်ယာဉ် ၁ စင်းပစ်ချခံရသည်ကို မြင်တွေ့ရကြောင်း၊ နယ်စပ်မှ ၄၀ ကီလိုမီတာ (၂၅ မိုင်) အကွာရှိ ကလင်စကီးအနီး မပျက်ကျမီ အင်ဂျင်မီးလောင်ခဲ့သည့် အခြေအနေကို ပြသလျက်ရှိကြောင်း ရုရှား အစိုးရသတင်းအေဂျင်စီ TASS ၏ အရေးပေါ်သတင်းအချက်အလက်များကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။

Su-35 သို့မဟုတ် ဒုတိယရဟတ်ယာဉ်နှင့်ပတ်သက်၍ ဖော်ပြထားခြင်း မရှိကြောင်း၊ သို့သော်လည်း ရုရှားစစ်ပွဲလိုလားသော Telegram ချန်နယ် Voyenniy Osvedomitel တွင် တင်ထားသောဗီဒီယို၌ ကောင်းကင်အမြင့်၌ ရဟတ်ယာဉ် ၁ စင်းပေါက်ကွဲပြီး မီးတောက်များဖြင့် မြေပြင်ပေါ်သို့ ထိုးကျသွားသည်ကို မြင်တွေ့ရကြောင်း၊ ယူကရိန်းနိုင်ငံအတွင်း တိုက်ခိုက်မှုသတင်းများနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မကြာခဏငြင်းဆိုလေ့ရှိသည့် ယူကရိန်းဘက်မှ တရားဝင် တုံ့ပြန်မှုမျိုး မရှိသေးကြောင်း သိရှိရပါသည်။

ထိုကာလအတွင်း ယူကရိန်းတပ်ဖွဲ့များသည် စစ်ဘေးသင့်အရှေ့ပိုင်းဘက်မုဒ်မြို့ အနီးရှိ ရုရှားတပ်များ၏ ရှေ့တန်းအစိတ်အပိုင်းများတစ်လျှောက် ချီတက်လျက် ရှိကြောင်း၊ ယူကရိန်းစစ်သည်များသည် ရှေ့တန်း၏ အချို့နေရာများတွင် ဆက်လက် လှုပ်ရှားလျက်ရှိပြီး ရန်သူသည် လက်နက်နှင့်လူအင်အား ဆုံးရှုံးလျက်ရှိနေသည်ဟု ယူကရိန်းမြေပြင်တပ်ဖွဲ့၏ တပ်မှူး အိုလက်ဆန္ဒာဆာကျီက မေလ ၁၃ ရက်တွင် လူမှုကွန်ရက်၌ပြောကြားခဲ့ကြောင်း သိရှိရပါသည်။