ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီများ တိုးမြှင့်ပေးအပ်လာသည့် အမေရိကန်

ဂျိုးဘိုင်ဒင်ဦးဆောင်သည့် အမေရိကန်အစိုးရသည် အမေရိကန်ဒေါ်လာ သန်း၄၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကိုယူကရိန်းနိုင်ငံသို့ ထပ်မံပေးအပ်မည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ အတည်ပြုပြောကြားသည်။ ယူကရိန်းနိုင်ငံသို့ ယခုထပ်မံပေးအပ်မည့် စစ်ရေးအကူအညီသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ ယူကရိန်း လုံခြုံရေးဆိုင်ရာအကူအညီပေးရေး ကနဦးဆောင်ရွက်မှု(USI)ဟု အမည်ပေးထားသော စစ်ရေးအကူအညီ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး အမေရိကန်ကပေးအပ်မည့် စစ်ရေးအကူအညီတွင် ဆိုဗီယက်ခေတ်တင့်များ၊ ခေတ်နောက်ကျနေပြီ ဖြစ်သည် လေကြောင်းကာကွယ်ရေးစနစ်များနှင့် အသေးစား မောင်းသူမဲ့လေယာဉ်များ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ထပ်မံပေးအပ်မည့် စစ်ရေးအကူအညီအရ ယူကရိန်းနိုင်ငံအနေဖြင့် သံချပ်ကာတပ်ဆင်ထားသည့် ကင်းလှည့်ရေယာဉ်အစင်း ၄၀၊ အသေးစားမောင်းသူမဲ့လေယာဉ်အစင်း ၁၁၀၀ ခန့်နှင့် အဆိုပါ စစ်လက်နက်များကို ကိုင်တွယ်အသုံးပြုရန်လေ့ကျင့်သင်ကြားရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် လိုအပ်သည့်ငွေကြေးအကူအညီကိုပါ လက်ခံရရှိမည်ဖြစ်သည်။

အမေရိကန်အစိုးရသည် ၂၀၂၁ ခုနှစ်ဂျိုးဘိုင်ဒင်သမ္မတအဖြစ် တာဝန်ယူပြီးချိန်မှစ၍ ယူကရိန်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၉ ဘီလီယံအထိ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ယူကရိန်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ယူကရိန်းနိုင်ငံသို့ စီးပွားရေးနှင့်စစ်ရေးအကူအညီအဖြစ်ပေးအပ်ရန် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံကို သီးခြားလျာထားသည်။ အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံသို့ လုံခြုံရေးအကူအညီများ ပေးအပ်လျက်ရှိပြီး ယူကရိန်းနိုင်ငံ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေးအတွက် မဟာမိတ်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ အမေရိကန်၏ မဟာမိတ်နိုင်ငံများတွင် နေတိုးတပ်ဖွဲ့ဝင် အနောက်နိုင်ငံများ၊ အထူးသဖြင့် ရုရှား၏အင်အားကြီးထွားလာမှုနှင့် လွှမ်းမိုးမှုကြီးမားလာခြင်းအပေါ် စိုးရိမ်မကင်း ဖြစ်နေသည့် အနောက်ဥရောပနိုင်ငံများ ပါဝင်လျက်ရှိသည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ယူကရိန်းနိုင်ငံသို့ လက်နက်ခဲယမ်းများထောက်ပံ့ပေးနေခြင်းသည် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကိုဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပိုမိုရှည်ကြာစေသည့်အပြင် အခြေအနေကို ပိုမိုဆိုးရွားစေမည်သာဖြစ်သည်ဟု ရုရှားအစိုးရက သတိပေးပြောကြားထားသည်။ သို့သော် အနောက်နိုင်ငံများက ရုရှား၏သတိပေးချက်ကို လျစ်လျူရှု၍ ယူကရိန်းနိုင်ငံသို့ လက်နက်ပစ္စည်းများ ဆက်လက်ပေးပို့နေဆဲပင်ဖြစ်သည်။ ယူကရိန်းနိုင်ငံအား ယခုကဲ့သို့ စစ်လက်နက်ပစ္စည်းများ ဆက်လက်ပေးပို့နေခြင်းအားဖြင့် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများမှာ လက်နက်ကိုင် ပဋိပက္ခအတွင်း၌ ပါဝင်လာသည့်နိုင်ငံများအဖြစ်သို့ ရောက်ရှိလာစေနိုင်ကြောင်း ရုရှားအစိုးရက ထောက်ပြထားသည်။

သို့ရာတွင် ရုရှား၏အဆိုပါထောက်ပြမှုသည် နေတိုးတပ်ဖွဲ့၏ရပ်တည်မှုအပေါ် သက်ရောက်စေခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။ အကြောင်းမှာ နေတိုးတပ်ဖွဲ့အနေဖြင့် မဟာမိတ်နိုင်ငံများကို ဆက်လက်အကာအကွယ် ပေးမည်ဖြစ်ပြီး နေတိုး၏ စစ်အင်အားသည် တင်းမာမှုဖြစ်ပွားနေခြင်းကို ဖြေရှင်းရာတွင် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ဟု နေတိုးတပ်ဖွဲ့အကြီးအကဲ ဂျန်စတိုတန်ဘာ့ဂ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် နေတိုးတပ်ဖွဲ့အနေဖြင့် ယူကရိန်းအရေးတွင် ဆက်လက်ပါဝင်နေဦးမည် ဖြစ်ကြောင်းကို အရိပ်အမြွက်ပြသလိုက်ခြင်း ဖြစ်သည်ဟုလည်းဆိုနိုင်သည်။

အချုပ်အားဖြင့်ဆိုရပါမူ တဖြည်းဖြည်းမြင့်တက်လာသည့် အမေရိကန်၏ စစ်ရေးအကူအညီများ၊ နေတိုးအဖွဲ့ဝင် နိုင်ငံများ၏ မပြောင်းလဲသော ရပ်တည်ချက်များသည် ယူကရိန်းလက်နက်ကိုင်ပဋိပက္ခကို ပိုမိုဆိုးရွား လာစေနိုင်သည့်အပြင် စစ်ပွဲကိုပါ ထင်မှတ်ထားသည်ထက် ပိုမိုကြာမြင့်စေနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်ရှင်။