ယခုရက်ပိုင်းကစပြီး ဇန်နဝါရီ ၁ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး ရာသီဥတု အေးမြ ကြည်လင်မယ်

ယခုရက်ပိုင်းကစပြီး ဇန်နဝါရီ ၁ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး ရာသီဥတု အေးမြ ကြည်လင်မယ်လို့ မိုးလေဝပညာရှင် စုစုစံက ပြောပါတယ်။
ယင်းက “ အခု ဒီဇင်ဘာလ ၂၀ရက်နေ့မှ ၂၀၂၄ ဇန်နဝါရီလ ၁ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးမှာ အေးမြကြည်လင်သာသာယာယာရှိနေပါမယ်။ မိုးမရှိပါဘူး” လို့ ယနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့ မှာတော့ အအေးပိုလာမယ်လို့ ဆိုပါတယ်။
အလားတူ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေအထိ ဆောင်းလေညှင်းလေရောက်ရှိအေးမြစေနိုင်ပါတယ် လို့ လည်း ပြောကြားထားပါတယ်။