မွေးမြူရေးဘဲများကို အစာကျွေးနည်း

ဘဲမွေးမြူရေးလုပ်ငန်း အောင်မြင်ဖို့အတွက် ဘဲစာကို မလွဲမသွေဂရုစိုက်ရန် လိုအပ်ပါတယ်။
ဘဲများဟာ အသက်(၆)လကျော်ချိန်တွင် အင်း၊ အိုင်၊ မြစ်၊ ချောင်း၊ မြောင်းများထဲ၌ သဘာဝအစားအစာများကို
ရှာဖွေစားသောက်တတ်ကြပါတယ်။ (၆)လ အရွယ်မတိုင်မီ ကာလတွင် ဘဲစာမှန်မှန် ကျွေးရမှာဖြစ်ပါတယ်။
ပရိုတင်းဓာတ်ပါသည့် အစာများတွင် ငါးမှုန့်နှင့် ပုစွန်ဖွဲသည် အာဟာရဓာတ်ကြွယ်သည့် အစာဖြစ်ပါတယ်။
သို့သော် ထိုအစာများကို ဘဲများအားကျွေးပါက ပုစွန်ဖွဲကို အထူးသတိထားစရာမလိုဘဲ ငါးမှုန့်ကို လတ်ဆတ်ကောင်းမွန်မှု ရှိ/မရှိ
စစ်ဆေးပြီးမှသာ ဘဲအစာအဖြစ် ပြုလုပ်ကျွေးမွေးသင့်ပါတယ်။
မလတ်ဆတ်သည့် ငါးပုတ်များဖြစ်နေလျှင် မကျွေးသင့်ပါ။ ကျွေးမိပါက ဘဲများတွင် ရောဂါရ၍ သေဆုံးနိုင်ပါတယ်။
ဘဲအစာစပ်ရာတွင် ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များ အချိုးအစား မှန်ကန်စွာပါရှိရန် အရေးကြီးပါတယ်။
ဒါ့အပြင် ဘဲငယ်အစာ၊ မျိုးဘဲအစာ၊ အသားတိုးဘဲစာဟူ၍ အမျိုးအစားမတူဘဲ စပ်ယူသင့်ပါတယ်။
တစ်ကောင်ကျွေးနှုန်း-
(၁) ၄၂ ရက်သားအောက် ဘဲငယ်များအတွက် ၂ အောင်စ၊
(၂) ၄၂ ရက်သားမှ ၈၄ ရက်သား (၁၂ ပတ်)ကို ၃.၅ အောင်စ၊
(၃) ၁၂ ပတ်သားနှင့်အထက်အား (၅-၆) အောင်စအထိ ကျွေးသင့်ပါတယ်။
ဘဲကြီးများကို တစ်ကောင်လျှင် (၃)အောင်စနှုန်းဖြင့် ကျွေးပြီး ညနေပိုင်းတွင် ပြောင်းစေ့ကျွေးသင့်ပါတယ်။
ဘဲလတ်နှင့်ဘဲကြီးများကို အစာခြောက်ကျွေးနိုင်သည်။ သို့သော် အစာများကို စိုထိုင်းရုံမျှ ရေဖြင့်နယ်၍ ကျွေးရပါမယ်။
အသားစားဘဲများ မွေးမြူသူသည် အစာကျွေးရာတွင် အထူးဂရုစိုက်သင့်ပါတယ်။
အသားစားဘဲများ ထုတ်လုပ်ရန် အကောင်းဆုံးအချိန်မှာ (၁၀-၁၄)ပတ်အတွင်းဖြစ်ရာ (၆-၁၂) ပတ်အတွင်း
ကောင်းစွာဝဖြိုးနေစေရန် အစာကို ဂရုစိုက် ကျွေးမွေးရပါမယ်။
အသားစားဘဲများအား အသက်(၈)ပတ်မှစ၍ နောက်ပိုင်း မရောင်းချမီအချိန်အထိ အသားတိုးစာဖိ၍ ကျွေးသင့်ပါတယ်။
ဘဲများ အချိန်တိုတိုနှင့် သန်မာထွားကျိုင်းပြီး ဖွံ့ဖြိုးစေရန် အရေးကြီးဆုံးမှာ အာဟာရဓာတ်ကြွယ်ဝသည့်အစာများကျွေးခြင်းပင်ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝသည့်အစာများမှာ ဘဲအတွက် အရေးကြီးသလို သောက်ရေခွက်များနှင့် အစာခွက်များကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။