မြောက်ဖျားပိုင်းရဲ့ အချစ်မြို့လေး ပူတာအို 💕

ပူတာအိုကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားချင်သူတွေရှိလား? ဒီမြို့လေးက မြန်မာပြည်ရဲ့ တခြားမြို့တွေနဲ့ မတူပဲ ထူးခြားနေတဲ့ အချက်လေးတွေ အများကြီးရှိတယ်… အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော ရေခဲတောင်တန်းတွေကို ဒီမြို့လေးကနေ တွေ့နိုင်တယ်… အဲ့ဒီတောင်တန်းတွေကို လာဖို့ အနီးကပ်ဆုံး လေယာဉ်ကွင်းကလည်း ဒီမြို့လေးမှာပဲရှိတာ… ခါကာဘိုရာဇီဆိုတာ မြန်မာပြည်ရဲ့ အမြင့်ဆုံးတောင်လို့ ကိုယ်တွေ ငယ်ငယ်က သင်ဖူးကြတယ်လေ… ခါကာဘိုရာဇီ အာဆီယံအမွေအနှစ်ဒေသဆိုတာ ဘယ်လောက်တောင်အရေးပါပြီး တန်ဖိုးကြီးလဲဆိုတာ ဒီမြို့လေးမှာ လေ့လာလို့ ရနေတယ်… ဒါတွေတင် ဘယ်ဟုတ်မလဲ… ဒီရေခဲတောင်တန်းတွေကြောင့် ဖြစ်လာတဲ့ မလိခမြစ်ဆိုတာကလည်း ပူတာအိုမြို့လေးကို ဖြတ်ပြီး မြန်မာပြည်ရဲ့ အသက်သွေးကြောလို့ ပြောရမယ့် ဧရာဝတီမြစ်ကြီးထဲ စီးဆင်းနေတယ်… ဒီလိုတန်ဖိုးသိပ်ရှိတဲ့နေရာမှာ သိပ်လှတဲ့ သဘာဝရှုခင်းတွေလည်း ရှိနေတယ်ဆိုတာ အားလုံးကို မျက်မြင်ခံစားစေချင်လို့ ကျွန်တော်ဒီစာလေးကို ရေးလိုက်ပါတယ်…

ပူတာအိုမှာ တည်းခိုဖို့

Hotel Putao, Snowland Hotel, Putao Trekking House, ထဝမ်ရာဇီ နဲ့ ခမ်းစုကို Guest House တွေရှိပါတယ်.. ဟိုတယ်အများစုက အခန်းခထဲမှာ လေဆိပ်အကြိုအပို့ ပါပြီးသားပါ… ကိုယ်ကတော့ Putao Trekking House မှာ တစ်ရက်တည်းကြည့်ခဲ့သေးတယ်… တစ်ည 65,000 Ks ပါ.. ရေပူရေအေးရတယ် WiFi နဲ့ တီဗီတွေဘာတွေတော့ မပါဘူး… ခြံဝန်းလေးနဲ့ဆိုတော့ နေလို့ကောင်းတယ်… မနက်စာလေးလည်းမဆိုးဘူး… (Putao Trekking House – 09403949039)

ပူတာအိုမှာ လည်ဖို့ပတ်ဖို့

ပူတာအိုရဲ့ ခရီးသွားလုပ်ငန်းက အခုမှ ဖွံ့ဖြိုးကာစဆိုတော့ တစ်နေရာနဲ့တစ်နေရာသွားဖို့ ကားငှားမှပဲ အဆင်ပြေမယ်… သုံးဘီးတွေ ဆိုင်ကယ်ကယ်ရီတွေရှိပေမယ့် ဒီရာသီဥတုနဲ့က အေးလွန်းလို့ ခံနိုင်မယ်မထင်… ကျွန်တော်လည်ခဲ့တဲ့ နေရာတွေအားလုံးကို တစ်ရက်တည်းနဲ့ လည်လို့ရတယ်… အကြံပေးချင်တာက မြို့ထဲက ဟိုတယ်လေးတွေ တည်းတဲ့ရက်မှာ လည်စရာအကုန် ကားငှားပြီးလည်ပစ်လိုက်ပါ…

ပူတာအိုမှာ ဘယ်နေရာတွေ လည်ကြမလဲ?

နတ်ကျွန်း – သဘာဝက ဖန်တီးထားတဲ့ အံ့ဩစရာ နေရာလေးတစ်ခုပေါ့… စက်လှေက တစ်စီးကို 40,000 Ks ပါ… တခြားအဖွဲ့နဲ့ အဖော်စပ်ပြီး စီးဖို့ အကြံပေးတယ်… ကိုယ်တွေက Expectation က များလို့လားပဲမသိ… ဟိုရောက်တော့ စေတီလေးတစ်ဆူရယ် ထူးခြားတဲ့ပုံစံရှိတဲ့ ကျောက်တုံးတွေကလွဲရင် ဘာမှသိပ်မရှိဘူး… ကိုယ်တွေက နှစ်ယောက်တည်းနဲ့ စက်လှေတစ်စီးငှားသွားတာဆိုတော့ သိပ်မတန်သလို ဖြစ်တာပါ… တခြားအဖွဲ့နဲ့ ပေါင်းစီးရင်တော့ သွားလည်သင့်တဲ့ နေရာတစ်ခုပါ… လှေဆိပ်သွားလိုက်ရုံပဲ… ကျန်တာသူတို့ စီစဉ်ပေးတယ်… စက်လှေက တစ်ကြောင်းကို မိနစ် 20 စီးရတယ် လေအရမ်းတိုက်တော့ အေးစက်နေရောပဲ… အပြန်ကျ မြစ်ကမ်းဘေးက Royal Malikha ဆိုတဲ့ဆိုင်မှာ နေ့လည်စာ ဝင်စားလို့ရတယ်…

ကောင်းမှုလုံစေတီ – အထက် ကောင်းမှုလုံ၊ အလယ် ရွှေစည်းခုံ၊ အောက် ရွှေတံဂုံတဲ့… ဒီစေတီတော် သုံးခုကို ဖူးရင် ဆုတောင်းပြည့်တယ်လို့ သိရတယ်… ကောင်းမှုလုံ စေတီတော်ကတော့ မချမ်းဘော့မြို့နယ်မှာ တည်ထားတာ…

အာဆီယံအမွေအနှစ်ပြတိုက် – မြို့မဈေးနဲ့ သိပ်မဝေးဘူး… ကိုယ်တွေက‌တော့ မနက်‌စောစောထပြီး လမ်းလျှောက်သွားလိုက်တာ… ရေခဲတောင်တန်းတွေနဲ့ အာဆီယံအမွေအနှစ် ဥယျာဉ်ဝန်းကြီးထဲမှာ ဘာတွေရှိလဲဆိုတာ ဒီမှာလေ့လာနိုင်တယ်… ရုပ်လုံးသွင်းထားတဲ့ အကောင်လေးတွေရယ် မှတ်တမ်းဓာတ်ပုံ‌တွေရယ်ကို ကြည့်လို့ရတယ်၊ အပြင်ဖက်ခြမ်းမှာတော့ သစ်ခွနက်တို့ ပူတာအိုသဇင်တို့ အပါအဝင် အပင်မျိုးစိတ်များစွာကို ပြသထားတယ်၊ တချို့အပင်တွေဆို ပန်းတွေ ပွင့်နေပြီ…

မြို့မဈေး – အပြန်လက်ဆောင်ဝယ်ချင်ရင်ပဲ ဖြစ်ဖြစ် ဒေသခံတွေရဲ့ အလေ့အထလေးတွေ လေ့လာချင်တယ်ဆို ‌ဒီဈေးကို လာသင့်တယ်… 10 နာရီလောက်ဆို ဈေးကွဲသွားတဲ့အတွက် စောစောတော့သွားဖို့ လိုမယ်နော်… ကိုယ်တွေက Putao House မှာ တည်းတဲ့ရက် လမ်းလျှောက်ပြီးသွားလိုက်တာ… ရာသီဥတုအေးအေးလေးနဲ့ ဈေးထဲ ရှမ်းခေါက်ဆွဲလေးစား… ဘဝက သာသာယာယာပဲ…

ဂူဘားရိပ်သာ – ကားဆရာပို့ပေးလည်း လည်လိုက်တာပေါ့… 1960 တုန်းက ဆောက်ထားတာလို့ သိရတယ်… တအားကြီး စိတ်ဝင်စားစရာကောင်းတဲ့နေရာတော့ မဟုတ်… အဆောက်အဦးဝရံတာကနေ မြင်ရတဲ့ ရှုခင်းကိုတော့ ကြွေတယ်… ဒီမှာနေခဲ့တဲ့သူတွေ တော်တော်သာယာခဲ့မှာလို့ တွေးမိတယ်…

မူလာရှီးဒီကြိုးတံတား – မနက်ပိုင်းသွားပါ… မြူတွေကြားထဲ ထိုးထွက်နေတဲ့ ကြိုးတံတားကြီးက Photogenic သိပ်ဖြစ်တာ… တံတားပေါ်တင် မဟုတ်ပဲ တံတားအောက် မြစ်ကမ်းဘေးဆင်းပြီး ကြည့်ပါ… အရင်ကတော့ ဂျစ်ကားကူးတံတားအနေနဲ့ သုံးတာ ခုကတော့ တံတားအသစ်ရှိသွားလို့ လူကူးတံတားအနေနဲ့လောက်ပဲ သုံးတော့တယ်…

ကျောက်နဂါး – ကျောက်ဖြစ်သွားတဲ့ နဂါးလို့ ဒေသခံတွေက ယုံကြည်ပါတယ်… စေတီတစ်ဆူရှိပြီး အနီးအနားတောင်တန်းတွေနဲ့ ရှုခင်းလည်း လှပါတယ်…

မလိခကြိုးတံတား – ကောင်းမှုလုံစေတီဆီသွားရင် ဒီတံတားကို ဖြတ်ရတယ်… တံတားအဟောင်းမှာ ဓာတ်ပုံဝင်ရိုက်ဖို့ ကားဆရာကိုပြောရင် ရပ်ပေးပါတယ်…

မနောကွင်း – ရဝမ်တိုင်းရင်းသား အများဆုံးနေထိုင်တဲ့ ‌ဒီဒေသကို ရောက်ရင် ဒီမနောတိုင်တွေရှိရာ မနောကွင်းကလည်း မလာမဖြစ်ပါပဲ… တိမ်ရှင်းတဲ့နေ့တွေဆို မနောကွင်းကနေ ရေခဲတောင်တန်းတွေ မြင်နိုင်တယ်…

နမ့်ခမ်းရေတံခွန် – ကောင်းမှုလုံ၊ ကျောက်နဂါး၊ ဂူဘားရိပ်သာနဲ့ နမ့်ခမ်းရေတံခွန်တို့က တစ်ကြောတည်းပဲ… ကိုယ်တွေတော့ လမ်းထိပ်ထိရောက်တယ်… ဒီရာသီဥတုနဲ့ ရေကစားနိုင်မှာလည်း မဟုတ်တော့ မဝင်ခဲ့တာ… လည်ကြတဲ့သူတော့ ရှိပါတယ်…

ပူတာအိုသွားမယ်ဆို ဒါတွေသိထားပါ

  • ဆောင်းရာသီ ဒီဇင်ဘာကနေ မတ်လလောက်အထိက သွားလည်ဖို့ အကောင်းဆုံးအချိန်ပါ
  • ရာသီဥတုက အေးပြီးစိမ့်နေလို့ အနွေးထည်ထူထူကတော့ မပါမဖြစ် သယ်သွားပါ
  • မနက်စောစော လမ်းထလျှောက်ပြီး မြို့မဈေးထဲ ရှမ်းခေါက်ဆွဲပူပူလေး စားပါ၊ မြို့ထဲကနေ မြို့အစွန်ထိ ဆိုင်တွေပေါပါတယ်
  • ဒီရာသီဥတုနဲ့ဆို ဝိုင်ကတော့ မပါမဖြစ်ပါ၊ ဟိုတယ်က ဝယ်ရင် ဈေးကြီးလို့ မြို့ထဲက Moon ဆိုတဲ့ စားသောက်ဆိုင်မှာ ဝယ်ပါ
  • ရဝမ်တိုင်းရင်းသားဝတ်စုံတွေကို မြို့မဈေးထဲမှာ လေ့လာဝယ်ယူနိုင်တယ်
  • မြစ်ရေကအေးပြီး ကြည်လင်နေပေမယ့် ရေကစားဖို့တော့ စိတ်မကူးပါနဲ့၊ ရေခဲရေပါပဲ
  • ‌ဒီဒေသထွက် ဂရိတ်ဖရုသီးကို ပျားရည်နဲ့ဖျော်ခိုင်းပြီး သောက်ခဲ့ပါ
  • ရေခဲတောင်တန်းတွေက အမြဲတမ်း မြင်နေရတာ မဟုတ်ပါဘူး၊ တိမ်တွေရှင်းတဲ့နေ့ပဲ မြင်ရတာ… ကိုယ်တွေဆို 4 ရက်နေတာကို တတိယမြောက်ရက် 1 ရက်ပဲ မြင်ခဲ့ရတယ်
  • ရန်ကုန် ပူတာအိုက တိုက်ရိုက်လေယာဉ်မရှိဘူး ကြားထဲ Via အနေနဲ့ မန္တလေးတို့ မြစ်ကြီးနားတို့မှာ ခဏရပ် ဧည့်သည်တင်ပြီး ပြန်ထွက်တာမျိုးပဲ ရှိတယ်
  • အပေါ်မှာ ပြောခဲ့သလို လည်စရာနေရာတွေက တစ်ရက်ကားငှားရုံနဲ့ လည်လို့ရပါတယ်
  • ဒေသစာတွေဖြစ်တဲ့ ကြက်၊ ဝက် ကချင်ချက်၊ အင်ဇင်ရွက်သုပ်၊ ကချင်ငါးပေါင်း၊ ကြက်ဥကစော် စတာတွေ စားခဲ့ပါ

ဒီလောက်ဆို တော်တော်စုံပြီ ထင်ပါတယ်…With Love 🤍
(I Like That facebook page မှ ကူးယူဖော်ပြပါသည်။)