မြန်မာ နဲ့ ရုရှားနိုင်ငံတို့က ယခုနှစ်အတွင်းမှာပဲ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖွယ်ရှိနေဟုဆို

အမေရိကန်အပါအဝင် အာရှတိုက်အတွင်းရှိ နိုင်ငံအချို့က ကန့်ကွက်မှုများရှိခဲ့ပေမယ့် မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ဟာ ယခုနှစ်အတွင်းမှာပြုလုပ်ဖွယ်ရှိနေတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနဲ့ ရုရှားနိုင်ငံတို့ဟာ အာဆီယံဒေသအတွင်း အကြမ်းဖက်မှုများကို တန်ပြန်နိုင်ဖို့ ရည်ရွယ်ပြီး အာရှတိုက်အတွင်းရှိ အိမ်နီးချင်းနိုင်ငံများနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ ASEAN Defence Ministers’ Meeting-Plus အစည်းအဝေးကို ဇွန်လ အစောပိုင်းက ရုရှားနိုင်ငံ Khabarovsk မြို့မှာကျင်းပခဲ့ပြီး မြန်မာနဲ့ ရုရှားတို့အပါအဝင် အာဆီယံဒေသတွင်းက နိုင်ငံအချို့တက်ရောက်ခဲ့ကာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ရုရှား နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အဆိုပါအစည်းအဝေးကို အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊တောင်ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့ တက်ရောက်ခဲ့ခြင်းမျိုးမရှိခဲ့ဘဲ အဆိုပါနိုင်ငံတွေဟာ ၂ဝ၂၂ ခုနှစ်ကတည်းက ဆန့်ကျင်သပိတ်မှောက်ခဲ့ကြောင်းသိရပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံတို့ နဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယအပြင် အခြားအာဆီယံဒေသအတွင်းနိုင်ငံများတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရုရှား နဲ့ မြန်မာနိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပမှာဖြစ်ပြီး သြဂုတ်လ အတွင်းကျင်းပမယ့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖွယ်ရှိနေသလို စက်တင်ဘာလအတွင်းကျင်းပမယ့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ရုရှားနိုင်ငံ Khabarovsk ဒေသမှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။

ရုရှားနဲ့မြန်မာနိုင်ငံတို့အပြင် အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံဒေသအတွင်းရှိနိုင်ငံအချို့ ပူးပေါင်းပါဝင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဟာ စစ်သားများကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းမွန်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။