မြန်မာ-ဂျပန်အသင်းနဲ့ပွဲမတိုင်မီ ခြေစမ်းပွဲ ကစားဖြစ်တော့မည်မဟုတ်

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဖိုက်ရှ်အွန်ဘိုင်နာက ”ကျွန်တော်တို့ ဂျပန်အသင်းနဲ့ပွဲမတိုင်မီ ခြေစမ်းပွဲ ကစားဖြစ်တော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အချိန်သိပ်မရတော့လိုပါ။ ကျွန်တော်တို့ ဂျပန်နိုင်ငံကို နိုဝင်ဘာ ၁၃ ရက်မှာ ထွက်ခွာမှာပါ။ တချို့ကစားသမားတွေက နိုဝင်ဘာ ၁၃ မှ ရောက်လာကြမှာပါ။ ဂျပန်အသင်းနဲ့ ကစားရမှာက နိုဝင်ဘာ ၁၆ ရက်ပါ”ဟု Eleven Sports သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မကာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားလျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့်နိုဝင်ဘာအတွင်း ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုတွင်းပွဲများအဖြစ် ဂျပန်၊ မြောက်ကိုရီးယားအသင်းတို့နှင့် နှစ်ပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့်နိုဝင်ဘာ ၁၆ ရက်တွင် အဝေးကွင်းအဖြစ် ဂျပန်လက်ရွေးစင်အသင်း၊ နိုဝင်ဘာ ၂၁ ရက်တွင် အိမ်ကွင်းအဖြစ် မြောက်ကိုရီးယားလက်ရွေးစင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သို့သော်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်း၏ ယင်းခြေစစ်ပွဲနှစ်ပွဲအတွက် ပြင်ဆင်မှုများနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲတွင် ပထမအကျော့ အိမ်ကွင်း၌ မကာအိုအသင်းကို(၅-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဒုတိယအကျော့ အဝေးကွင်း၌ ဂိုးမရှိသရေကျခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နှစ်ကျော့ပေါင်းရလဒ်(၅-၁) ဂိုးဖြင့် ဒုတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် အုပ်စု(B) ၌ ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားအသင်းတို့နှင့်အတူ ကျရောက်နေပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် နိုဝင်ဘာ ၁၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် အိမ်ကွင်း၊ မတ် ၂၁ ရက်တွင် ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊ မတ် ၂၆ရက်တွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်း၊ ဇွန်၆ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်း၊ ဇွန်၁၁ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းနှင့် ဂျပန်အသင်းသည် ၂၀၂၁ ခုနှစ်က နောက်ဆုံးတွေ့ဆုံထားပြီး ဂျပန်အသင်းက အိမ်ကွင်းတွင် (၁၀-၀) ဂိုးဖြင့် အနိုင်ရထားသည်။

crd;