မြန်မာ့ရိုးရာထိမ်းမြားခြင်း ဓလေ့များအကြောင်း (၁)

 

   


မြန်မာ့ရိုးရာထိမ်းမြားခြင်း ဓလေ့များအကြောင်း

ရှေးသုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့လို့ ရှေးလူကြီးတွေ ဆုံးမခဲ့သလို လူနှစ်ဦးပေါင်းဖက်ခြင်း မင်္ဂလာ  ကိစ္စမှာလည်း ထုံးတမ်းစဉ်လာ ဓလေ့တွေကို တတ်နိုင်သလောက် လိုက်နာသင့်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်ခါနီး မောင်နှံလေးတွေအတွက် မြန်မာ့ရိုးရာ ထိမ်းမြားခြင်း ဓလေ့တွေအကြောင်းကို ဝေမျှပေးချင်ပါတယ်။

ရှေးအခါကတည်းက မြန်မာ့ ဓေလ့မှာ ထုံးတမ်း အစဉ်အလာတွေအရ ထိမ်းမြား မင်္ဂလာပြုခြင်းကို နည်းလမ်းဆယ်မျိုးနဲ့ ပြုလုပ်လေ့ရှိကြပါတယ်။ ကိုယ့်နေထိုင်ရာ အရပ်ဒေသနဲ့၊ အခြေအနေပေါ် မူတည်ပြီး အဆင်ပြေဆုံး အသင့်တော်ဆုံး နည်းလမ်းနဲ့ ထိမ်းမြားလေ့ရှိကြပါတယ်။

၁။ ထိမ်းမြားခြင်း

သတို့သား၊ သတို့သမီးနှစ်ဦးလုံးက လူလည်ခေါင်မှာ ကန်တော့ခံမထွက်ဘဲ ကိုယ့်ရဲ့ အိမ်မှာပဲ နှစ်ဦးသဘောတူ  လွတ်လွတ်လပ်လပ် နေထိုင်ကြတာပါ။ တရားဝင် အကြင်လင်မယား အရာရောက်ဖို့ အတွက် အခမ်းအနား သဘောမျိုး မဟုတ်ဘဲ ရပ်နီးက မိတ်ဆွေတွေကို အိမ်မှာ ဖိတ်လို့ ဧည့်ခံကျွေးမွေးပြီး ဖိတ်ထားတဲ့ ပရိတ်သတ်တွေ စားသောက်ပြီး ပြန်သွားကြတဲ့ အချိန်မှာ သတို့သမီး အိပ်ခန်းမှာရှိတဲ့  ကြိမ်တန်း၊ ကြိုးတန်းမှာ သတို့သားရဲ့ ပုဆိုး၊ ပုဝါ လှန်းပြီးတင်ကာ ထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း လို့ သတ်မှတ်ပါတယ်။

၂။ လက်ဆုံစား ထိမ်းမြားခြင်း

လက်ဆုံစား ထိမ်းမြားခြင်း ကတော့ တရားဝင် လင်မယား အရာရောက်ဖို့အတွက် အစားအစာ တစ်ခုခုကို လက်ဆုံစားရတာ ဖြစ်ပါတယ်။ ထမင်း (သို့) မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးအတူ လက်ဆုံစားစေပြီး ထိမ်းမြားခြင်းကို လက်ဆုံစား ထိမ်းမြားခြင်း လို့ခေါ်ပါတယ်။

၃။ လက်စွပ်လဲ ထိမ်းမြားခြင်း

ဒါကတော့ လက်ထပ် လက်စွပ် ဝတ်တဲ့ သဘောမျိုးနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် လက်ထပ်လက်စွပ်လိုမျိုး အသစ်ဖန်တီးတာ မဟုတ်ဘဲ သတို့သား ဝတ်ဆင်တဲ့  လက်စွပ်ကို သတို့သမီးအား ဝတ်ဆင်ပေးပြီး သတို့သမီး ဝတ်ဆင်ထားတဲ့  လက်စွပ်ကို သတို့သားအား ဝတ်ဆင်ပေးကာ အချင်းချင်း လက်စွပ် လဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ ထိမ်းမြားခြင်း လို့ခေါ်ပါတယ်။ သတို့သားနဲ့ သတို့သမီး လက်အတိုင်းချင်း သိပ်မကွာရင် ကိစ္စမရှိပေမယ့် သတို့သား သတို့သမီး လက်အရွယ်အစားချင်း ကွာဟလွန်းနေရင် အဆင်မပြေနိုင်တာကြောင့် နောက်ပိုင်းမှာ လက်ထပ်လက်စွပ်ဆိုပြီး အသစ်ထပ်မံ လုပ်လာကြဟန်ဟူပါတယ်။