မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၃၇၀၀ ကျော် ရောင်းချခဲ့

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏စီစဉ်မှုဖြင့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ရာ ယခုအခါ အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက်နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိစေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြပွဲနောက်ဆုံးနေ့အဖြစ် အောက်တိုဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စု (C) မှ ကျောက်စိမ်းအသားကျောက်အတွဲ (၇၉၂) တွဲကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၇၇၉) တွဲ ရောင်းချရသည်ဟုဆိုသည်။

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပုလဲအတွဲ (၃၀၀) တွင် ပုလဲအတွဲ (၃၀၀) နှင့် ကျောက်မျက်အတွဲ (၁၆၀) အနက်မှ ကျောက်မျက်အတွဲ (၇၃) တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။

ထို့ပြင် ပြပွဲတွင် အုပ်စု (A) မှ ကျောက်စိမ်းအတွဲပေါင်း (၅၂၀) ၊ အုပ်စု (B) မှ ကျောက်စိမ်းအတွဲပေါင်း (၁၇၃၃) တွဲနှင့် အုပ်စု (C) မှ ကျောက်စိမ်းအတွဲပေါင်း (၁၇၉၂) တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း (၄၀၄၅) တွဲကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၃၇၀၄) တွဲ ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။

crd;