မြန်မာနိုင်ငံနယ်စပ်တွင် ပြုလုပ်သည့်တရုတ်နိုင်ငံ၏ပစ်ခတ်စဉ်ပါလေ့ကျင့်ခန်း

နိုဝင်ဘာ ၂၅ ရက်နေ့မှစ၍ ၄ ရက်ကြာ မြန်မာနိုင်ငံနယ်စပ်တွင်ပြုလုပ်လျက်ရှိသည့် တရုတ်နိုင်ငံ၏ ပစ်ခတ်စဉ်ပါ လေ့ကျင့်ခန်းသည် ခုခံကာကွယ်ရေးလေ့ကျင့်မှုပုံစံဖြစ်ပြီး အရေးပေါ်အခြေအနေအမျိုးမျိုးကို တုံပြန်ပြင်ဆင်ရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူ တစ်ဦးက ဆိုထားပါတယ်။ တရုတ်မီဒီယာအုပ်စုများ၏ နိုဝင်ဘာ ၂၇ ရက်နေ့ဖော်ပြချက်များအရ ကွပ်ကဲမှုအောက်တွင်ပါဝင်သည့်တပ်ဖွဲ့များသည် ပေါင်းစပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး တိုက်ရိုက်ပစ်ခတ်စဉ်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ပြီး တစ်ချိန်တည်းမှာပင် တိုက်ခိုက်မှုအဖွဲ့များသည် ကြိုတင်သတ်မှတ်ထားသည့်နေရာများသို့ လျင်မြန်စွာဝင်ရောက်ခဲ့ကြောင်း မိုင်းရှင်းလင်းရေးနှင့် ဖောက်ခွဲရေးပစ္စည်းများရှင်းလင်းရေးအဖွဲ့များနှင့် ခြေလျင်တပ်များအပါအဝင်လုပ်ငန်းတပ်ဖွဲ့မျိုးစုံကို စုစည်းထားကြောင်းသတင်းဌာနများက ဖော်ပြထားကြပါတယ်။

အဆိုပါလေ့ကျင့်ခန်းသည် ဖြစ်နိုင်ခြေအမျိုးမျိုးကို သဏ္ဌာန်တူပြုလုပ်လေ့ကျင့်ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းတွင် ယာဉ်တင်အမြောက်များ၊ စိန်ပြောင်းများ၊ ရေဒါများကိုအသုံးပြုပြီး တရုတ်တပ်မတော်၏ သန္နိဋ္ဌာန်၊ ဆန္ဒနှင့် စွမ်းဆောင်နိုင်မှုများကို ပြသနိုင်ခဲ့တယ်လို့လည်း လေ့ကျင့်ခန်းတွင်ပါဝင်သည့် တပ်မှူးတစ်ဦးက ဆိုထားပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့်ပက်သက်၍ တရုတ်နိုင်ငံအနေဖြင့် အလွန်စိုးရိမ်ကြောင်းပြောကြားပြီး ပဋိပက္ခများအမြန်ရပ်စဲရန်၊ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန်တိုက်တွန်းခဲ့ပြီး တရုတ်မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးနှင့်တာ်ငြိမ်ရေးအတွက် ထိရောက်သောအစီအမံများတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။

အဆိုပါလေ့ကျင့်ခန်း၏ရည်ရွယ်ချက်မှာ နယ်စပ်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် ဖြစ်ပြီး လေ့ကျင့်ရေးကိုလည်း တရုတ်နိုင်ငံနယ်မြေအတွင်းသာ လုပ်ဆောင်ခြင်းဖြစ်ပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်မှုမပြုရေးမူဝါဒကို ချိုးဖောက်ခြင်းမရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။