အမေရိကန်နှင့် ဂျပန်တို့က ထိုင်ဝမ်နှင့် ထောက်လှမ်းရေးသတင်းမျှဝေခြင်းဖြင့် ထိုင်ဝမ်ရေလက်ကြားလုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟုဆို

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးကတည်းက မောင်းသူမဲ့လေယာဉ်များ အသုံးပြုမှုသည် စစ်ဘက်နယ်ပယ်တွင် ယင်းတို့၏ အရေးပါမှုတိုးမြင့်လာခြင်း နှင့်အတူ တိုက်ခိုက်ရေးဆိုင်ရာ ထိရောက်မှုအပေါ် ကြီးမားသည့်သက်ရောက်မှုကို ဖြစ်စေကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ထိုင်ဝမ်သို့ MQ-9B SeaGuardian ဒရုန်း ၄ စင်းကို ပံ့ပိုးရန်နှင့် ၎င်းတို့အား ဒေသတွင်း အမေရိကန်တပ်ဖွဲ့များ အသုံးပြုသည့်စနစ်နှင့် ဂျပန်တပ်ဖွဲ့များအသုံးပြုသည့်စနစ်တို့နှင့် ပေါင်းစပ်ရန် ဆုံးဖြတ်ထားပြီး ယင်းတို့ ၃ ဖွဲ့အနေဖြင့် ကင်းထောက်ဒရုန်းများ၏ အချိန်နှင့် တစ်ပြေးညီ အချက်အလက်ကို မျှဝေပေးလိမ့်မည်ဖြစ်ကြောင်း၊ ဤသတင်းထွက်ပေါ် လာသည်နှင့် တစ်ပြိုင်နက်တည်း စိုးရိမ်မှုများ မြင့်တက်လာခဲ့ကြောင်း၊ အချို့သော သုတေသီများက အမေရိကန်က ထိုင်ဝမ်သို့ ယင်းဒရုန်းများရောင်းချမှုနှင့် ယင်း ကိုယ်တိုင်နှင့် ဂျပန်တို့အား အချိန်နှင့်တစ်ပြေးညီ အချက်အလက်ကိုမျှဝေမှုသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပြင်းပြင်းထန်ထန်ချိုးဖောက်ပြီး နောက်ဆုံးတွင် ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများ မြင့်တက်စေလိမ့်မည်ဖြစ်ကြောင်း တရုတ် စစ်ဘက်အွန်လိုင်းသတင်းတစ်ရပ်က ဖော်ပြထားပါသည်။

အမေရိကန်က ထိုင်ဝမ်သို့ရောင်းချရန် စီစဉ်ထားသည့် အဆိုပါ MQ-9B SeaGuardian မောင်းသူမဲ့လေယာဉ် ၄ စင်းသည် ရုရှား-ယူကရိန်းပဋိပက္ခတွင် အသုံးပြုခဲ့သည့် နည်းဗျူဟာမြောက်နှင့် စစ်ဆင်ရေးအသုံးပြုမှုပုံစံများနှင့် သိသိသာသာ ကွဲပြားခြားနားကြောင်း၊ ယင်းမော်ဒယ်များသည် မြေပြင်ရှိ ပုံသေပစ်မှတ်များကို တိုက်ခိုက်မှုအတွက် ဝေဟင်အနိမ့်ပိုင်းတွင် အသုံးပြုသည့်ဒရုန်းများကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း၊ သို့သော်လည်း ဝေဟင်အမြင့်ပိုင်း နာရီ ၅၀ အထိ မရပ်မနား ပျံသန်းနိုင်သောဒရုန်းများသည် ကျယ်ပြန့်သည့် ကင်းထောက်မှုအကွာအဝေးနှင့် အချိန်နှင့်တစ်ပြေးညီ ထောက်လှမ်းရေးသတင်းစုဆောင်းမှုစွမ်းရည်များ ပါရှိကြောင်း၊ လက်တွေ့တွင် ဒရုန်းများသည် မြေပြင်ပစ်ခတ်တိုက်ခိုက်မှုများမှ ကောင်းစွာရှောင်ကွင်း နိုင်ပြီး မဟာဗျူဟာမြောက် ထောက်လှမ်းရေးသတင်းစုဆောင်းမှု၊ ကင်းထောက်မှု၊ လွှဲပြောင်းမှု၊ သိုလှောင်မှုနှင့် မျှဝေမှုလုပ်ငန်းစဉ်များကို လုပ်ဆောင်ကြောင်း သိရှိရ ပါသည်။

အမေရိကန်သည် ထိုင်ဝမ်သို့ ယင်းဒရုန်းများ ရောင်းချပေးရုံမက ၎င်းတို့ကို ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးတွဲတိုက်ခိုက်ရေးပုံရိပ်များ ပေါင်းစပ် ပေးသည်အထိ လုပ်ဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း၊ ဤကိစ္စရပ်သည် အလွန်အမင်း စိုးရိမ်ဖွယ်ကိစ္စရပ်ဖြစ်ကြောင်း၊ ဒရုန်းသည် ထိုင်ဝမ်ရေလက်ကြား၌ စစ်ဆင်မှု ပေါ်ပေါက်၍ ယင်းကျွန်းရှိ ရေဒါစနစ်များ ပျက်စီးလျှင်ပင် ဝေဟင်ဆက်သွယ်မှုကို လုပ်ဆောင်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် အမေရိကန်၊ ဂျပန်နှင့် ထိုင်ဝမ် တို့မှ စုဆောင်းရရှိသော သတင်းအချက်အလက်များကို ဒရုန်းများမှတစ်ဆင့် ပူးတွဲ တိုက်ခိုက်ရေးဓာတ်ပုံအဖြစ် ပြောင်းလဲရန် မျှဝေပေးနိုင်ကြောင်း၊ ဤသို့ဖြင့် ၎င်းသည် ထိုင်ဝမ်ရေလက်ကြား အနာဂတ်နှင့်ပတ်သက်၍ ကြီးမားသည့်သက်ရောက်မှု ရှိလိမ့် မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။