မြန်မာနိုင်ငံက သွားရောက်လည်ပတ်သင့်တဲ့ ကမ်းခြေများ

(၁) ကဗျာဝကမ်းခြေ သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၊ ကဗျာဝကျေးရွာတွင် တည်ရှိသည့် ပင်လယ်ကမ်းခြေတစ်ခုဖြစ်သည်။ ရေးမြို့နှင့် မိုင် ၂၀ အကွာတွင် တည်ရှိပြီး ကမ်းခြေသို့ ကားဖြင့် ၄၅ မိနစ်ခန့် သွားရောက် နိုင်သည်။ ကမ်းခြေအလျားမှာ ကဗျာဝကျေးရွာအနီးမှ တောင်ဘက် မန်ကျည်းချောင်းဝထိ အရှည် ၈မိုင်ခန့်ရှိသည်။


(၂) ချောင်းသာကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် တည်ရှိပြီး အရှည် ၁မိုင် ၄ ဖာလုံ ခန့် ရှိသည်။
ချောင်းသာကမ်းခြေ အနီးရှိ ထင်ရှားသော လည်ပတ်စရာ နေရာများမှာ သဲဖြူကျွန်း၊ ဖိုးကုလားကျွန်း ခေါ် အောင်မင်္ဂလာကျွန်း၊
ကျောက်မောင်နှမ၊ ငှက်တောင် နှင့် ဥတိုချောင်း တို့ ဖြစ်ကြသည်။


(၃) ငပလီကမ်းခြေသည် သံတွဲမြို့မှ ၇ ကီလိုမီတာ (၄မိုင်)အကွာတွင် တည်ရှိသော အပန်းဖြေကမ်းခြေတစ်ခု ဖြစ်သည်။
ကမ်းခြေအလျား ၃ ကီလိုမီတာ (၂ မိုင်) ရှည်လျားကာ အိန္ဒိယသမုဒ္ဒရာသို့ မျက်နှာမူလျက် တည်ရှိသည်။


(၄) ငွေဆောင် သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အနောက်ဘက် ၄၈ ကီလိုမီတာအကွာတွင် တည်ရှိသည့်
ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတစ်ခုဖြစ်သည်။ ရန်ကုန်မြို့မှ ကားလမ်းခရီး ၅ နာရီ ကြာမြင့်သည်။


(၅) စက်စဲကမ်းခြေသည် မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ တည်ရှိပြီး ကပ္ပလီပင်လယ်၊ မုတ္တမ ပင်လယ်ကွေ့ရှိ
ကမ်းခြေ အပန်းဖြေစခန်းတစ်ခုဖြစ်သည်။ ကမ်းခြေသည် အညိုရောင်သဲများဖြင့် ဖွဲ့စည်းထားပြီး ၅.၆ ကီလိုမီတာရှည်ကာ
အတော်အသင့် ကျယ်ဝန်းသော ကမ်းခြေတစ်ခုဖြစ်သည်။


(၆) ဖိုးရှမ်းဘုရားကမ်းခြေ သည် တနင်္သာရီတိုင်းဒေသကြီးရှိ လှပသော ပင်လယ်ကမ်းခြေတစ်ခုဖြစ်သည်။ ကမ်းခြေ သည်
မြိတ်ခရိုင် အတွင်းရှိ ပုလောမြို့နယ် ရှပ်ပုံရွာတွင် တည်ရှိသည်။ တံတားပေါ်မှဖြတ်သန်းသွားလာရပြီး ရေကျချိန် များတွင်
သဲသောင်ပြင်မှ လမ်းလျှောက်ကာ ရေလယ်ကျွန်းပေါ်ရှိ သမုတ်တောင်ထိပ်၌ တည်ထားကိုးကွယ်ထားသည် ရှေးဟောင်း ဖိုးရှမ်းဘုရားအား ဖူးမြော်ကြည်ညိုနိုင်သည်။


(၇) ဗျူးပွိုင့်ကမ်းခြေသည် စစ်တွေမြို့၏ တောင်ဘက်အစွန်းဆုံး၊ ဘင်္ဂလားပင်လယ်အော် နှင့် ကုလားတန်မြစ်နဖူးကြား တွင်တည်ရှိပြီး
ပွိုင့်ကမ်းခြေဟုလည်းလူသိများသည်။ ပွိုင့်ဟုခေါ်ဆိုရခြင်းမှာ မြို့၏အစွန်ဆုံးအပိုင်းတွင် ရှိသောကြောင့် ဖြစ်သည်။


(၈) မောင်းမကန်ကမ်းခြေသည် တနင်္သာရီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေသည် ထားဝယ်ခရိုင်အတွင်းရှိ
လောင်းလုံးမြို့နယ်တွင် တည်ရှိသည်။ ထားဝယ်မြို့မှ အနောက်ဘက် (၆) မိုင်ကျော်ခန့် အကွာတွင် တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်ကြီးအား မျက်နှာမူထားသည်။ မြန်မာနိုင်ငံ မြောက်မှ တောင်ဘက်သို့ ဖြောင့်တန်းစွာ ကပ္ပလီ ပင်လယ်ပြင်အား မျက်နှာမူလျက်ရှိသည်။