မြန်မာတို့မသိသော မြန်မာမျက်နှာဖုံးစွပ်အက(Burmese Mask Dance)…

တီထွင်သူ – ဇင်းမယ်မြို့တွင်ရုံးထိုင်၍ ထိုင်းမြောက်ပိုင်းကို တာဝန်ယူအုပ်ချုပ်သော မြန်မာအုပ်ချုပ်ရေးအရာရှိများ၏ နောက်တော်ပါမြန်မာများ

  • ခေတ်ကာလ – ကုန်းဘောင်ခေတ်
  • စတင်ရာဒေသ – ထိုင်းနိုင်ငံမြောက်ပိုင်း
  • သက်တမ်း – နှစ်၂၀၀ ကျော်ခန့်

ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ လက်ရှိထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်ဆိုတာ မြန်မာတွေ နှစ်ပေါင်း၂၀၀လောက် အုပ်ချုပ်ခဲ့တဲ့ သမိုင်းဝင်မြို့ပေါ့။ ရှေးမြန်မာဘိုးဘေးတွေကတော့ ဇင်းမယ်မြို့လို့ ခေါ်ကြတဲ့ မြို့ပေါ့ဗျာ။ ဒါ့အပြင် ရှေးမြန်မာတွေက ယွန်းမြို့၊ယွန်းပြည်လို့လည်း ခေါ်ကြသေးတယ်။

ထိုင်းတောင်ပိုင်းက အယုဒ္ဓယပိုင် နယ်တွေထက် ထိုင်းမြောက်ပိုင်းက လန်န(ခေါ်)ဇင်းမယ်(ခေါ်)ချင်းမိုင်ပိုင်နယ်တွေက မြန်မာဘုရင်တွေလက်အောက်ကျရောက်ခဲ့တဲ့အချိန်ကာလပိုကြာလို့ မြန်မာ့ယဥ်ကျေးမှုလွှမ်းမိုးခံရတာ အလွန်များတဲ့ဒေသပေါ့။

ဒါကြောင့် အဲ့ဒီချင်းမိုင်က နန်းမြို့ရိုးတွေ၊ဘုရားတွေ၊အချို့ဝတ်စားဆင်ယင်ပုံတွေဆိုရင် မြန်မာဟန်အပြည့်ပဲ။ မြန်မာနဲ့ထိုင်း ယဥ်ကျေးမှုကူးလူးဆက်ဆံခဲ့တဲ့ ဒေသလို့တောင် တင်စားလိူ့ရတယ်။

( အယုဒ္ဓယနယ်သည် တောင်ငူခေတ်နဲ့ ကုန်းဘောင်ခေတ် နှစ်ခေတ်ပေါင်းမှ နှစ်၆၀မျှသာ မြန်မာ့လက်အောက်တွင်နေရသည်။ လန်နနယ်သည် တောင်ငူ၊ညောင်ရမ်းခေတ်တို့မှသည် ကုန်းဘောင်ခေတ်အလယ်ထိ နှစ်၂၀၀ကျော် မြန်မာ့လက်အောက်တွင် ဆက်တိုက်နေခဲ့ရသည်။)

ထို ဇင်းမယ်နယ်က မျက်နှာဖုံးများစွတ်လျက် ကရသော Burmese Mask Dance သည် ဗမာရိုးရာအကတစ်ခုဖြစ်သည်။

သို့သော် ဗမာပြည်မှ ဗမာများ တီထွင်ခဲ့သည်မဟုတ်။

ဇင်းမယ်တွင် တာဝန်ထမ်းဆောင် အခြေချနေထိုင်ခဲ့သော ဗမာလူမျိုးများမှ ကုန်းဘောင်ခေတ် တွင် စတင်တီထွင် ကပြခဲ့ကြခြင်းဖြစ်သည်။

ထိုအက နှစ်ကြာလာသည်နှင့်အမျှ ထင်ရှားလာပြီး ယနေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ၏ အထင်ကရအကဖြစ်လာပြီး နိုင်ငံခြားခရီးသွားများကို အထူးဆွဲဆောင်သည်။

နောက်ပိုင်းတွင် ဒေသခံ ထိုင်းယဥ်ကျေးမှုများနှင့် ရောနှောမှုများလည်း ရှိသည်။

  • ကပြသူတို့ ဝတ်ဆင်သော ဝတ်စုံမှာ …….
  • မြန်မာသိုးရင်းအင်္ကျီ ၊တောင်ရှည်ပုဆိုး၊ထိုင်မသိမ်းအင်္ကျီ၊ ဗြန့်ထဘီတို့ကို ဝတ်၍ ကကြသည်။ တစ်ခါတစ်ရံ မြန်မာတော်ဝင်နန်းသုံးဝတ်စုံများဖြစ်သော မဟာလတ္တာ၊ မလ္လိကာဝတ်စုံများကိုလည်း ဝတ်၍ ကတက်ကြသည်။ နောက်ပိုင်းတွင် ထိုင်းရိုးရာဝတ်စုံများနှင့် ကသည်များလည်းရှိလာသည်။

ထိုင်းလူမျိုးတို့သည် ထိုအက၏ အမည်ကို ယနေ့တိုင် ဗမာမျက်နှာဖုံးအက(Burmese Mask Dance) ဟုသာခေါ်ဆိုကြဆဲ ဖြစ်သည်။

မြန်မာပြည်သားတွေကတော့ ၂၁ရာစုရဲ့ ဆိုရှယ်မီဒီယာတွေကြောင့် ဒီအကအကြောင်း နှံ့နှံ့စပ်စပ်သိလာကြတာ သိပ်မကြာသေးပါဘူး။

ထိုအကကို တီထွင်သူတွေရဲ့မျိုးဆက်တွေအားလုံးကတော့ သွေးနှောပြီး ထိုင်းလူမျိုးတွေ ဖြစ်ကုန်ပါပြီ။ သူတို့ဘိုးဘေးတွေ ဘယ်သူဆိုတာမေ့ကုန်ပါပြီ။ ဒါပေမဲ့ ဒီအကကတော့ ယနေ့တိုင် မြန်မာအက ဖြစ်နေဆဲ… အများကလည်း Burmese Mask Danceလို့ ခေါ်ဆိုကြဆဲပေါ့ဗျာ။

ပုံအားလုံး crdပါ။