မေတ္တာနဲ့သာတုန့်ပြန်ပါ

အပြောအဆိုမှာ ကိုယ်တိုင် စည်းကမ်းရှိပါ..

မေတ္တာနှလုံး ပျက်သွားတာ ကိုယ့်ရဲ့ အပြောကြောင့်ပဲ။

မပြောသင့်တာကို ပြောမိလို့၊ ကြမ်းကြမ်းတမ်းတမ်း ပြောမိလို့၊ မဟုတ်တာ သွားပြောမိရင်လည်း ပြဿနာ တက်တတ်တယ်။

ဒါကြောင့်မို့လို့ အပြောအဆိုနဲ့ပတ်သက်ပြီးတော့ ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိဖို့ ဗုဒ္ဓမြတ်စွာကဟောကြားပေးထားတယ်။

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ တရားတွေက လက်တွေ့လိုက်နာကျင့်သုံးဖို့ ဟောထားတဲ့ တရားတွေ ချည်းပါပဲ။

တကယ် လိုက်နာကျင့်သုံး ကြည့်လိုက်မယ်ဆိုရင်လည်း ထိရောက်တဲ့ အကျိုးတွေရပါတယ်။ဒါ ဗုဒ္ဓရဲ့ တရားတွေပဲ။

လူလူချင်းဆက်ဆံတဲ့အခါ မှာ စကားများပြီး ရန်ဖြစ်ကြတာများပါတယ်။

စိတ်ထဲကနေပြီးရန်ဖြစ်ကြတာ နည်းပါတယ်။

တစ်ဦးနဲ့တစ်ဦး စကားများရာကစပြီးတော့ ရန်ဖြစ်ကြတာပါပဲ။

ပြီးတော့ လောကမှာ မကျေမနပ်ဖြစ်တာတွေကလည်း စကားတွေကြောင့်ပဲ၊ ကွယ်ရာမှာ အတင်း ပြောကြတာကြောင့်ပဲ။

ငါ့ကို ဘယ်သူက ဘယ်လိုပြောလိုက်တာဆိုပြီးတော့ ပြဿနာဖြစ်တော့တာပါပဲ။

တစ်ဆင့် ပြန်ကြားတာတွေကနေပြီးတော့ အပြောအဆိုကနေ စပြီးတော့ ပြဿနာဖြစ်ကြတာပါ။

လူတွေ ဆိုတာ“လောကီ အစုတ်၊ လူတို့ နှုတ်က၊ မဟုတ်လည်း ပြော၊ ဟုတ်လည်း ပြော”လူတွေရဲ့

ပါးစပ်က စားဖို့နဲ့ပြောဖို့ပဲရှိတဲ့အတွက်ကြောင့် အပြောအဆိုမှာ စည်းကမ်းမရှိ လျှောက်ပြောနေကြတာပါပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက အပြောအဆိုနဲ့ပတ်သက်ပြီးတော့ မူချထားတာဖြစ်တယ်။

ကိုယ်ကိုယ်တိုင် လိုက်နာပြီးတော့ စည်းကမ်းချထားမယ်ဆိုရင် ပြဿနာတက်စရာ မရှိနိုင်ပါဘူး။

ဒါပေမယ့် ကိုယ်နေနေရတဲ့ (Society) မှာ က နှုတ်စည်းကမ်းရှိတဲ့သူတွေ ရှိသလို နှုတ်စည်းကမ်းမရှိတဲ့ သူတွေလည်း ရှိနိုင်တယ်။

ပြောချင်ရာပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားတွေကို လိုက်ပြီးတော့ ပြဿနာဖြစ်နေရင်တော့ ဆုံးနိုင်မှာ မဟုတ်တော့ဘူးတဲ့။

အဲဒါကိုတော့ မြတ်စွာဘုရားက မေတ္တာနှလုံးအစဉ်သုံးတဲ့။

ဒီလို ဟောခဲ့ပါတယ်။ ဘာပဲပြောပြော မေတ္တာနဲ့သာ တုန့်ပြန်ပါတဲ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

🙏🙏🙏