မိုးရေနဲ့အတူ ပါလာတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း

မိုးဦးလေဦးကျလာပြီဆိုရင် မိုးဖြောက်ဖြောက်မှာ နှာစေး ချောင်းဆိုးတာအပြင် ဖြစ်တတ်တဲ့ နောက်ထပ် ကျန်းမာရေး ပြဿနာ တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဝမ်းပျက်ဝမ်းလျှောတာပါ။ ဝမ်းပျက်ဝမ်းလျှောတာက နွေရာသီမှာလည်း ဖြစ်တတ်တယ်ဆိုပေမယ့် မိုးရာသီမှာလည်း အစားအစာနဲ့ ရေသန့်ရှင်းမှု အားနည်းတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း အဖြစ်များပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာ

ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာက ပုံမှန်အခြေအနေထက် ကျော်လွန်နေတဲ့ ဝမ်းသွားတဲ့ အခြေအနေကို ဆိုလိုတာပါ။ ဝမ်းသွားတာက ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်တဲ့ နေ့စဉ်ဘဝရဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် တစ်နေ့ကို အကြိမ်ရေ များစွာ သွားနေမယ်။ ဝမ်းက အရည်တွေ ဖြစ်နေမယ် ဝမ်းသွားချင်တဲ့အခါ အောင့်ထားလို့ မရအောင် ဖြစ်နေမယ်ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာပါ။

ဝမ်းပျက်ဝမ်းလျှောတာက ၁ ရက်ကနေ ၃ ရက်အတွင်းမှာ သက်သာသွားတတ်ပါတယ်။ ၃ ရက်ထက် ပိုကြာပြီး ဝမ်းပျက်ဝမ်းလျှောတာကို ခံစားရတယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုအပ်နေပါပြီ။

ဝမ်းပျက်ဝမ်းလျှောတာကို

  • ကာလတို ဝမ်းပျက်ဝမ်းလျှောခြင်း – ၁ ရက် ကနေ ၂ ရက်အတွင်း သက်သာသွားနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ရှိနေတဲ့ မသန့်ရှင်းတဲ့ အစားအစာတွေ စားမိတာ၊ ရေသောက်မိတာတွေကြောင့် ဖြစ်ရတာပါ။ တစ်ခါတလေမှာ ဗိုင်းရပ်စ်ကြောင့်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်။
  • ကာလရှည် ဝမ်းပျက်ဝမ်းလျှောခြင်း – ဒီအမျိုးအစားကတော့ ရက်သတ္တပတ် တော်တော်ကြာတဲ့အထိ ခံစားရနိုင်ပါတယ်။ အစာခြေအူလမ်းကြောင်းစနစ် ကျန်းမာရေးပြဿနာတွေကြောင့် ခံစားရနိုင်ပါတယ်။ ကပ်ပါးပိုးတွေ ကူးစက်တာကြောင့်လည်း ကာလရှည် ဝမ်းပျက်ဝမ်းလျှောတာကို ခံစားရနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ အကြောင်းအရင်းများ

ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။

ဝမ်းပျက်ဝမ်းလျှောတဲ့အခါ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်သဲ

ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • ဗိုက်အောင့်တာ
  • ဗိုက်ထဲက ရစ်နာတာ
  • လေပွတာ
  • မအီမသာဖြစ်တာ
  • ရေအိမ်ချက်ချင်းသွားဖို့ လိုတာ
  • အဖျားတက်တာ
  • ဝမ်းထဲ သွေးပါတာ
  • ရေဓာတ်ခမ်းခြောက်တာ
  • ဝမ်းမထိန်းနိုင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။

ဝမ်းပျက်ဝမ်းလျှော တာကြောင့် ကိုယ်တွင်းမှာ ရေဓာတ် ဆုံးရှုံးတဲ့အခါ

  • ရေငတ်တာ
  • ဆီးအရောင်ရင့်လာတာ၊ ဆီးနည်းသွားတာ၊ ဆီးမသွားတာ
  • ခံတွင်းခြောက်တာ
  • အသားတွေ ခြောက်လာတာ
  • ခြေကုန်လက်ပမ်း ကျတာ
  • ခေါင်းကိုက်တာ
  • မူးဝေတာ
  • နှလုံးခုန် မြန်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

ဘယ်သူတွေမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များသလဲ

လူတိုင်းလိုလို ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်ကတော့

  • ကလေးငယ်လေးတွေ
  • အသက်အရွယ် ကြီးရင့်သူတွေ
  • ရောဂါအခံ ရှိသူတွေမှာ အဖြစ်များပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်း သက်သာစေဖို့

ရေများများ သောက်ပါ

သန့်ရှင်းတဲ့ သောက်သုံးရေ၊ ရေကျက်အေးတို့ကို သောက်ပေးလို့ ရသလို ဓာတ်ဆားရည်၊ ကဖင်းမပါတဲ့ sports drinks၊ စွပ်ပြုတ်၊ သဘာဝ သစ်သီးဖျော်ရည်တွေကို သောက်ပေးလို့ ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောနေချိန်မှာ ရေဓာတ်ဆုံးရှုံးတာကြောင့် ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ရေ နဲ့ အရည်တွေကို တတ်နိုင်သမျှ များများ သောက်ပေးပါ။

BRAT diet စားပေးပါ

ဝမ်းပျက်ဝမ်းလျှောနေချိန်မှာ အဆီများတာ၊ အပူအစပ် နဲ့ ဆီကြော်စာတွေ အစား

  • B: Bananas [ငှက်ပျောသီး]
  • R: Rice [ထမင်းဖြူ]
  • A: Applesauce [ပန်းသီးယို]
  • T: Toast [မီးကင်ထားတဲ့ ပေါင်မုန့်အဖြူ] တို့ကို စားပေးလို့ ရပါတယ်။

သတိထားရမှာက BRAT dietက လိုအပ်တဲ့ အာဟာရအပြည့်အဝ မပါတာကြောင့် ၁-၂ရက်ထက် ပိုမစားသင့်ပါဘူး။

ကဖင်းလျှော့ပါ

ကဖင်းပါတဲ့ စားစရာတွေ သောက်စရာတွေက ဆီးခဏခဏ သွားစေပြီး ရေဓာတ်ဆုံးရှုံးစေနိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ မသောက်မိစေဖို့ လိုပါမယ်။ ရေဓာတ်ဆုံးရှုံးတာက ဝမ်းပျက်ဝမ်းလျှောတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ လက်ဖက်တို့ကို မစားပါနဲ့။

လေပွစေနိုင်တာတွေကို မစားပါနဲ့

ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ နောက်ထပ်ရှောင်ရမယ့် အစားအစာတွေက လေပွစေတဲ့ အစားအစာတွေပါ။ ဒါတွေက ဝမ်းပျက်ဝမ်းလျှောတာကို ပိုဆိုးစေနိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှော ခံစားနေရချိန်မှာ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုတ်၊ ဘီယာ၊ အချိုရည် စတာတွေကို ရှောင်ဖို့ လိုပါမယ်။

နို့ထွက်ပစ္စည်းတွေ

နို့ထွက်ပစ္စည်းတွေကလည်း အခန့်မသင့်ရင် ဝမ်းပျက်ဝမ်းလျှော တာကို ပိုဆိုးစေနိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေမယ်ဆိုရင် နို့ထွက်ပစ္စည်းတွေကို မစားမိဖို့လည်း လိုပါမယ်။

ဝမ်းပျက်ဝမ်းလျှောတာကို ဘယ်လို ကာကွယ်မလဲ

ဝမ်းပျက်ဝမ်းလျှောတာက ဘက်တီးရီးယားတွေ ဒါမှမဟုတ် ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။ ကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေက ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

  • လက်ကို မကြာခဏ သန့်စင်အောင် သေချာဆေးကြောပါ
  • အရက်ပြန်ပါတဲ့ ရေမလိုလက်သန့်ဆေးရည် အသုံးပြုပေးပါ
  • သန့်ရှင်းစွာ နဲ့ ကျက်အောင် ချက်ထားတဲ့ အစားအစာတွေကို စားပေးပါ
  • သန့်ရှင်းတဲ့ရေကို သောက်သုံးပါ။

ဝမ်းပျက်ဝမ်းလျှောခြင်း

  • ဝမ်းပျက်ဝမ်းလျှောတယ်ဆိုတာက ဝမ်းအရည်တွေ ခဏခဏ သွားနေတာပါ
  • ရေအိမ် ခဏခဏ ဝင်ဖို့ လိုပါမယ်
  • သိပ်မပြင်းထန်ဘူးဆိုရင် ၁ ရက် ၂ ရက်အတွင်းမှာ သက်သာသွားတတ်ပါတယ်
  • ပြင်းထန်မယ်ဆိုရင်တော့ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်ပါတယ်
  • ဗိုက်ထဲက ရစ်နာပြီး ရေအိမ်ကို ချက်ချင်းပြေးဖို့ လိုပါမယ်
  • ရေဓာတ်ဆုံးရှုံးတာက ဝမ်းပျက်ဝမ်းလျှောတာရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ လက္ခဏာတွေပါ
  • ကုထုံး အနေနဲ့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တာတွေ ပါဝင်ပါတယ်
  • ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်တာဆိုရင် ပဋိဇီဝပိုးသတ်ဆေး တစ်မျိုးမျိုး သောက်ဖို့ လိုပါမယ်။