မဟာသင်္ကြန်ပွဲတော်မှာ မဏ္ဍပ်ဆောက်မည့်သူများ အခွန်ပေးသွင်းရန်မလို

မန္တလေးမဟာသင်္ကြန်ပွဲတော်မှာ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးနှင့် စတုဒိသာမဏ္ဍပ်များ ဆောက်လုပ်ရန်အတွက် မည်သည့်အခွန်အခမှပေးသွင်းရန် မလိုအပ်ဘဲ ဦးရာလူစနစ်နဲ့ လျှောက်ထားနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ယခုနှစ် မန္တလေးမဟာသင်္ကြန်ပွဲတော်ကို ကျုံးပတ်လည်၊ မြို့တွင်း နှင့် ကမ်းနားလမ်းတို့မှာ လမ်းလျှောက်သင်္ကြန်အပါအဝင် ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးနှင့် စတုဒိသာမဏ္ဍပ်များကိုပါ ထည့်သွင်း ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးနှင့် စတုဒိသာမဏ္ဍပ်များ ဆောက်လုပ်ရန်အတွက် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်တည်ဆောက်ရေးနှင့် ရေကစားမဏ္ဍပ်များ ရွေးချယ်နေရာ ချထားရေးလုပ်ငန်းကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို ဧပြီလ ၁၀ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

မန္တလေးမြို့မဟာသင်္ကြန်ပွဲတော်ကို ကျုံးတောင်ဘက်ခြမ်း (၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိ) လမ်းလျှောက်သင်္ကြန်အပါအဝင် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ၊ ကျုံးအရှေ့ဘက် (၆၆ လမ်း၊ ၁၉ လမ်းမှ ၂၆ လမ်းအထိ)ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ၊ကျုံး အနောက်ဘက် (လမ်း ၈၀၊ ၂၆ လမ်းမှ ၁၂ လမ်းအထိ) ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ၊ ကျုံးအနောက်ဘက် (လမ်း ၈၀ နှင့် ၁၂ လမ်း)တွင် အပျော်တမ်း ရေကစားမဏ္ဍပ်များကို ရေစုပ်စက်များဖြင့် ကျင်းပသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် မင်္ဂလာမန္တလေးရှေ့တွင် လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ်၊ ဈေးချိုနာရီစင်အနီးတွင် ဈေးချိုသူ ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ၊ ကမ်းနားလမ်း (၂၆ လမ်းမှ ၃၅ လမ်းအထိ) ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်ကြီးများဖြင့် မဟာသင်္ကြန်ပွဲတော်ကို ကျင်းပရန် စီစဉ်နေကြောင်း သိရပါတယ်။

၎င်းအပြင် မဟာသင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ်ကြီးများအနီးမှာ စတုဒိသာ မဏ္ဍပ်ပေါင်းများစွာကို ထည့်သွင်းကျင်းပနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

PAN