မတ်လ ၁၁ ရက်နေ့ မှုခင်းသတင်းများနှင့် ပေါက်ကွဲမှုသတင်းများ

-မတ်လ ၁၀ ရက်နေ့ ၁၄၀၀ နာရီတွင် မကွေး PDF အကြမ်းဖက်အဖွဲ့မှ တပ်ကုန်းမြို့နယ်၊ တုံးချိုကျေးရွာအတွင်း ဝင်ရောက် လာပြီး အမက(တုံးချို)၊ ကျောင်းအုပ်ကြီး ဦးဇင်မိုးထွန်း(၃၆)နှစ်အား လမ်းပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးဇင်မိုးထွန်းတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့။

-မတ်လ ၁၀ ရက် ၀၈၀၀ နာရီတွင် မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာသူ/သားများသည် ရွာသစ်ကျေးရွာအနီးဝန်းကျင်၌ သောင်းကျန်းသူများ လှုပ်ရှားလျက်ရှိသဖြင့် နီးစပ်ရာဆွေမျိုးနေအိမ်များသို့ တိမ်းရှောင်ရန် သွားရောက်စဉ် အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ မဆောင်းဟေမာန်(၁၇)နှစ်တွင် ယာလက်မောင်းရင်း၊ ယာဂျိုင်းအောက်ဗုံးစထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ဦးပိုင်စိုးဦး(၃၃)နှစ်တွင် ဦးခေါင်း၊ ယာဒူးနှင့် ဝဲနံကြားဗုံးစဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)၊ ဦးသောင်းတင်(၅၂)နှစ်တွင် ဝဲ/ယာခြေဖမိုး၊ တင်ပဆုံတွင် ဗုံးစဖောက်ဝင်ဒဏ်ရာ၊ ဦးခင်မောင်စိုး(၅၉)နှစ်တွင် ကျောကုန်းဗုံးစထိမှန်ဒဏ်ရာ၊ ဦးကျော်နိုင်(၅၃)နှစ်တွင် ဝဲပါး၊ ယာခြေဖျားနှင့် ဝမ်းဗိုက်ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးအောင်မြတ်ကျော် (၃၉)နှစ်တွင် ဝဲခြေသလုံးဗုံးစထိမှန်ဒဏ်ရာ၊ ဦးလင်းဇော်ဦး(၃၄)နှစ်တွင် ကျောကုန်း၊ ယာခြေသလုံး ဗုံးစဖောက်ဝင်ဒဏ်ရာနှင့် ဦးသဲပို(၃၆)နှစ်တွင် ဝဲခါးဗုံးစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

-မတ်လ ၁၀ ရက် ၂၀၀၀ နာရီတွင် ဆားလင်းကြီးမြို့တွင်းသို့ PDF အကြမ်းဖက်အဖွဲ့မှ ဆားလင်းကြီးမြို့ အရှေ့မြောက်ဘက်မှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လက်လုပ်ဗုံးသီးမှာ ဆားလင်းကြီးမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဒေါ်အေးအေးသန်း၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရ။

-မတ်လ ၁၀ ရက် ၁၃၅၀ နာရီတွင် ကျိုင်းတုံ-မိုင်းဆတ်လမ်းကြောင်းအတိုင်း ပြေးဆွဲနေသော သံလွင်သစ္စာယာဉ်လိုင်းမှ ယာဉ်အမှတ်၊ HH-6395 Probox အဖြူရောင်ယာဉ်ဖြင့် အမည်မသိသူ ထည့်ပေးလိုက်သော စက္ကူပုံး ၁ ပုံးအား ဖွင့်ကြည့်ရာ ပေါက်ကွဲခဲ့ပြီး ဦးကျကျို(၅၆)နှစ်တွင်၊ နဖူး၊ ရင်အုံမိုင်းစ ဖောက်ဝင်ဒဏ်ရာ၊ ဝဲလက်ခလယ်/လက်သူကြွယ်/လက်သန်းပြတ်ထွက်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ပြီး ဦးအိုက်ယီ (၅၈)နှစ်၊ ယာရင်အုံ၊ လည်ပင်း၊ ဝမ်းဗိုက်မိုင်းစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျားယော်(၁၃)နှစ်တွင် ဝဲလက်မောင်း၊ ဝဲခြေသလုံးမိုင်းစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့။

-မတ်လ ၁၀ ရက် ၁၅၅၀ နာရီတွင် မြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝက်စုရပ်နေ ဦးတင်မောင်အေး(၅၆)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်စန်းဝင်း(၅၇)နှစ်တို့ ၂ ဦးသည် မြိုင်မြို့နယ်၊ ကြောင်ကန်ကျေးရွာ၌ အကြွေးတောင်းရန်အတွက် ဆိုင်ကယ်ဖြင့် မြိုင်-ကြောင်ကန်ကျေးရွာကားလမ်းအတိုင်း ထွက်ခွာခဲ့ရာ ကြောင်ကန်ကျေးရွာ အနီးသို့ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး အား တိုက်မိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေါ်စန်းဝင်းတွင် ဝဲနောက်ကျော၊ ဆီးခုံ မိုင်းစဖောက်ဝင်ဒဏ်ရာ(သေဆုံး) သွားခဲ့ပြီး ဦးတင်မောင်အေးတွင် ဝဲလက်ဖျံ၊ ဝဲပေါင်းရိုးကျိုး၊ ဝဲခြေဖမိုးမိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့။

-မတ်လ ၁၀ ရက် ၁၉၀၀ နာရီတွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာရှိ ရွှေသတ္တုတူးဖော်ရေးဆောင်ရွက်လျက်ရှိသည့် လင်းထိုက်မြန်မာကုမ္ပဏီလီမိတက်၏ စက်ရုံဝန်းသို့ အကြမ်းဖက်အဖွဲ့မှ Drone ဖြင့် ဗုံး ၁ လုံးချခဲ့ရာ စက်ရုံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဦးသိန်းထွန်း(၅၂) နှစ်တွင် ဦးခေါင်းဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။