ဘီးမုန့်လုပ်နည်း၊ဆိတ်သားမုန့်လုပ်နည်း၊ကာရီပတ်ဖ်လုပ်နည်း‌

ဆိတ်သားမုန့်ဘီးမုန့်ကာရီပတ်ဖ်သုံးမျိုးစလုံးရဲ့လုပ်နည်းကအတူတူဘဲမို့သုံးမျိူးနာမည်တပ်ထားခြင်းဖြစ်ပါတယ်။မသိခင်မှာတော့လက်ဝင်လှတယ်လို့ထင်ရပေမဲ့လုပ်တတ်သွားရင်ဒီမုန့်လေးကလုပ်ရတာပျော်စရာကောင်းတဲ့မုန့်လေးဘဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

ဒီမုန့်ပြုလုပ်ရန်အတွက်ဂျုံကိုနှစ်ပိုင်းခွဲနယ်ရပါ့မယ်။
(၁)ဂျုံနယ်ရန်လိုအပ်သောပစ္စည်း
ဂျုံ မှုန့် – ၅၀၀ဂရမ်
ဆား အနည်း ငယ်
ဆီ – ၅၀ဂရမ်
ဆီပူ -၅၀ဂရမ်
ရေ – ၂၀၀ml
(၂) ဆီစာပြုလုပ်ရန်လိုအပ်သောပစ္စည်း
ဂျုံ မှုန့် – ၁၀၀ဂရမ်
ဆီ – ၅၀ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ


(၁)ပထမအမှတ်စဉ်၁မှဂျုံနယ်ရန်အတွက်ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေထားပါ။
(၂)ဆီကိုနှစ်ပိုင်းခွဲထားပါတယ်။ဆီပူ၅၀ဂရမ်ရိုးရိုးဆီ၅၀ဂရမ်ဖြစ်ပါတယ်။အိုးတခုဖြင့်ဆီ၅၀ဂရမ်ကိုအပူပေးထားပါ။အပူဆုံးအနေထိရပါကဇလုံထဲရှိဂျုံထဲသို့လောင်းထည့့်ပြီးယောင်းမဖြင့်မွေပေးပါ။
(၃)ဂျုံဆားဆီပူသမအောင်မွေပြီးပါကကျန်ဆီ၅၀ဂရမ်ထည့်ပါ။ရေကိုဖြည့်ဖြည်းဆီထည့်ပြီးဂျုံလုံးချောမွေ့သည်ထိမွေပေးပါ ။ချောမွေ့ပါကပလပ်စတစ်ဖြင့်ပတ်ပြီး၁၅ မိနစ်ခန့်နှပ်ထားပြီးသုံးလုံးအညီလုံထားပါ။
(၄)ဆီစာပြုလုပ်ရန်အတွက်ပန်းကန်တခုတွင်ဆီနှင့်ဂျုံထည့်ပြီးသမအောင်မွေပေးပါ။သုံးပုံအညီအမျှပုံထားပါ။
(၅)ပြီးလျှင်အမှတ်စဉ်(၁)မှဂျုံလုံးအကြီးကိုပြားပြီးအလယ်တွင်အမှတ်စဉ်(၂)မှဆီစာကိုထည့်ပြီးလုံအောင်ပိတ်ကာ၁၀မိနစ်ခန့့်ပြန်နှပ်ထားပါ။
(၆)ဂျုံနှပ်ပါကလိုသလိုဆွဲဖြန့်နိုင်ပြီမို့စားပွဲတွင်ဂျုံဖြူးပြီးဆီစာထည့်ထားသောဂျုံကိုဖိပေးပြီးလေးထောင့်အရှည်အနေအထားရအောင်ဖြန့်ပေးပါ။အထူအပါးညီအောင်ဖြန့်ပါ။အတွင်းမှဆီစာမထွက်အောင်ဂရုစိုက်ပါ။
(၇)လေးထောင့်အရှည်လိုက်ဖြန့်ပြီးပါက၃ခေါက်ချိုးခေါက်လိုက်ပါ။
(၈)သုံးခေါက်ချိုးပြီးသားဂျုံကိုအရှည်လိုက်ပြန်ပြီးဖြန့်ပေးပါ။ပါးနိုင်သလောက်ပါးအောင်ဖြန့်ပြီးကျစ်နေအောင်လိပ်ပေးပါ။အစွန်းဘက်ကိုရေအနည်းငယ်စွတ်ပေးပြီးလိပ်ပါ။သုံးလုံးကိုလိပ်ပြီးသုံးလိပ်ရပါကအဝတ်ဖြင့်အုပ်ပေးပြီးခဏပြန်နှပ်ထားပါ။
(၉)ပြီးလျှင်တလိပ်ဆီကိုဂျုံဖြူးပြီးအရှည်လိုက်ရအောင်ပြန်ဖြန့်ပေးပြီးကျစ်နေအောင်ပြန်လိပ်ပါ။
(၁၀)သုံးလိပ်စလုံးကိုပြန်ဖြန့်ပြန်လိပ်ပြီးပါကတလိပ်ကို၆ပိုင်းအညီလှီးဖြတ်ပါ။ဘမ်းတခုတွင်စီထည့်ပြီးဖုံးထားပါ။
(၁၁)ပြီးလျှင်ဖြတ်ပြီးသားအကွင်းတခုဆီကိုယူပြီးဂျုံအနည်းငယ်ဖြူးကာလိမ့်တုံးဖြင့်ပြန့်အောင့်လိမ့်ပေးပါ။လိမ့်တုံးတွင်မကပ်အောင်ဂျုံဖြူးရန်လိုအပ်ပါတယ်။ကပ်ပါကအလွှာလေးများ ကွာထွက်နိုင်၍အစာထည့်ရန်ခက်ပါတယ်။
(၁၂)ဂျုံတခုဆီကိုဖြန့်ပြီးမိမိနှစ်သက်ရာအစာအုန်းသီးမြေပဲဆိတ်သားအာလူးတို့က်ိုထည့်ပြီးလခြမ်းပုံခေါက်ပါ။ဘေးအနားများကိုအတွန့်လေးများပေါ်အောင်လိပ်ပေးပြီးကြော်ရန်အသင့်ဖြစ်ပါပြီ။
ဆိတ်သားမုန့်အဝိုင်းပြုလုပ်လိုပါကနှစ်ချပ်အသုံးပြုပြီးအစာထည့်ပန်းဖော်ပေးပါ။
(၁၃)အားလုံးအစာသွပ်ပန်းဖော်ပြီးပါကဆီအိုးတည်ကာဆီပူတွင်သုံးမိနစ်ခန့်အထက်အောင်လှည့်ပေးပြီးအရောင်ရကြွပ်သည်ထိကြော်ပေးပြီးဆယ်ယူဆီစစ်ကာအအေးခံပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀❀ ပဲယိုအုန်းသကြားတို့ကိုခြောက်အောင်ပြုလုပ်ပြီးထည့်ပါကလေလုံသောဘူးတွင်တပတ်ခန့်ထားပြီးကြွပ်ရွသောဘီးမုန့်ကိုသုံးဆောင်နိုင်ပါတယ်။
❀❀❀ အုန်းသီးသကြားကိုမီးဖိုပေါ်တွင်တင်ပြီးအပူပေးကာသကြားပျော်ပြီးခြောက်အောင်ထိုးပေးပါ။မြေပဲနှမ်းရောလိုပါကရောပါ။
❀❀❀ ပဲယိုပြုလုပ်နည်းပို့စ်သီးသန့်တင်ပြီးသားရှိပါတယ်။စာရှည်နေလို့မထည့်ထားပါ။
❀❀❀ ဆိတ်သားမုန့်အတွက်ဆိတ်သားတောက်တောက်စင်းကိုဂျင်းကြက်သွန်ဖြူမဆလာဖြင့်ခြောက်အောင်ကြော်ဆားဟင်းခပ်မှုန့်ထည့်ကာကြက်သွန်နီကြော်ဖြင့်ရောပြီးသုံးပါကအထားခံတဲ့ဆိတ်သားမုန့်ရရှိမှာဖြစ်ပါတယ်။

Crd