ပိုမိုတိုးတက်လာတဲ့ ရုရှား-မြန်မာ စစ်ဘက်ဆက်ဆံရေး

အင်မတန်မှ ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတဲ့ သတင်းလေးပါ။ ရုရှား-မြန်မာ ဆက်ဆံရေးပေါ့။ တပ်မတော်နေ့မှာ ရုရှားတပ်မတော်ဘက်ဆိုင်ရာ အရာရှိများကို မြန်မာနိုင်ငံမှ ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့သလို ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အရာရှိကြီးများကို စွမ်းရည်ဘွဲ့များ အပြန်အလှန်ပေးအပ်ခဲ့တာ အားရစရာ ကောင်းလှပါတယ်။

အခုချိန်မှာ ရုရှား-မြန်မာပူးပေါင်းဆက်ဆံရေးဟာ အထွဋ်အထိပ်သို့ ရောက်နေပြီလို့ ပြောလို့ရပါတယ်။ ရှေးယခင်ကတည်း ကလည်း ဒီ ၂ နိုင်ငံဟာ ဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း တို့ခေတ်ကလည်း သံတမန်ဆက်ဆံရေး ချောမွေ့ခဲ့တယ်။ အဲဒီနောက်ပိုင်း ၂၀၀၁ ခုနှစ်ကစပြီး အရပ်ဘက် အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ တပ်မတော်အရာရှိတွေကို နှစ်စဉ် ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခဲ့တာ ယခုအချိန်ထိပဲ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင်ဖြင့် ရုရှားနိုင်ငံဟာ မြန်မာ့တပ်မတော်အတွက် လူသားအရင်းအမြစ်တွေကို ပြုစုပျိုးထောင်ပြီး အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ မြန်မာ့တပ်မတော်အတွက် အဖိုးမဖြတ်နိုင်တဲ့ အားအင်တစ်ခုပါပဲ။

အလားတူ ဒေသတွင်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ယခုရုရှားနိုင်ငံလို ပူးပေါင်းချိတ်ဆက်နိုင်မယ်ဆိုရင်ဖြင့် မြန်မာနိုင်ငံအတွက် အကျိုးများစွာ ကြီးမားလှပါတယ်။ ဒါကြောင့် ရုရှား နိုင်ငံနဲ့ ပူးပေါင်းဆက်ဆံရေးကို ဆက်လက်တိုးမြှင့်လုပ်ဆောင်ပြီး တရုတ်၊ အိန္ဒိယတို့နဲ့ ပူးပေါင်းဆက်ဆံရေးကိုလည်း ရုရှားနိုင်ငံကဲ့သို့ လုပ်ဆောင်နိုင်ရင်ဖြင့် မြန်မာနိုင်ငံကို ဘယ်နိုင်ငံကမှ ထိကပါး ရိကပါး မလုပ်လာနိုင်တော့ဘူးဆိုတာ အကြံပြုလိုက်ပါတယ် ..