ပန်းကမ္ဘာထဲက မွှေးရနံ့တွေကြောင့် လှည့်ပြန်ခဲ့လိုက်ရတဲ့ Delta Airlines ရဲ့ Flight အကြောင်း (DL194)

အရင်တစ်ပတ် သောကြာနေ့တုန်းကတော့ Delta Airlines ရဲ့ Airbus A350 ကြီးဟာ မရပ်မတန့်နိုင်ဘဲ ပန်းကမ္ဘာထဲရောက်နေတဲ့ ခရီးသည်တစ်ဦးကြောင့် လှည့်ပြန်ခဲ့ရတယ်လို့ သိရှိရပါတယ်။ Atlanta ကနေ Barcelona, Spain အထိကို ရှစ်နာရီကြာ Airbus A350 ကြီးဟာ ပျံသန်းရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း A350 ကြီးဟာ နှစ်နာရီအကြာအထိ ပျံသန်းပြီးတဲ့နောက်မှာတော့ “ဇီဝအန္တရာယ်” (Biohazard) ပြဿနာဖြစ်နေတယ်ဆိုပြီး လှည့်ပြန်ဖို့ကို ဆုံးဖြတ်ခဲ့ကြတယ်လို့ Flight Tower နဲ့ အပြန်အလှန်ပြောဆိုနေတဲ့ ရေဒီယိုမက်ဆေ့ချ်တွေအရ သိရှိရပါတယ်။

ဘာကြောင့်များလဲဆိုရင်တော့ ခရီးစဉ်နှစ်နာရီအတွင်းမှာ မရပ်မနား ပန်းကမ္ဘာထဲရောက်နေတဲ့ ခရီးသည်တစ်ဦးရဲ့ နံ့သာဆီတွေဟာ လူသွားလမ်းတစ်လျှောက်မှာ စီးဆင်းလာပြီး လေယာဉ်တစ်စီးလုံးနီးပါး မွှေးရနံ့တွေကြား အလူးအလဲခံနေရလို့ပဲဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ လေယာဉ်မောင်နဲ့ လေယာဉ်မယ်တွေက အနံ့တွေကိုဖုံးဖို့အတွက် ဗနီလာရနံ့ ပိုးသတ်ဆေးကို ဖျန်းချလိုက်တဲ့အချိန်မှာတော့ ဗနီလာရနံ့နဲ့ ပန်းရနံ့တွေပေါင်းပြီး ခရီးသည်တွေအကုန် ဗနီလာအူရှီးကြရတော့တာပါပဲ။

လေယာဉ်ကြီးဟာ Atlana လေဆိပ်မှာ ကောင်းကောင်းမွန်မွန်ပြန်လည်ဆင်းသက်နိုင်ခဲ့ပြီးတော့ နောက်ထပ်ရှစ်နာရီအကြာမှာတော့ ခရီးစဉ်အတိုင်း ပြန်လည်ထွက်ခွာခဲ့ပြီး Barcelona, Spain ကို ချောချောမွေ့မွေ့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြေပြင်က Crew တွေက အခြေအနေကို အကောင်းမွန်ဆုံးထိန်းနိုင်ခဲ့ပြီး လေယာဉ်တစ်စီးလုံးရဲ့ ကော်ဇောတွေနဲ့ လေယာဉ်ခုံတစ်ခုကို လဲလှယ်ကာ သန့်ရှင်းရေးကို တောက်လျှောက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Delta Airlines ဘက်ကလည်း ခရီးသည်တွေကို အနူးအညွတ်တောင်းပန်ထားပြီး နောက်ထပ်ဒါမျိုးတွေထပ်မဖြစ်အောင် အကောင်းဆုံးပြုပြင်ထိန်းသိမ်းသွားပါ့မယ်ဆိုပြီး သတင်းထုတ်ပြန်ကြေညာထားပါတယ်။