နှစ်ဖက်မြင်(၁)●

ဣတ္ထိယအလွန်

နိုင်ငံတော်ခင်စိန်ဆိုသောအမည်မှာ အရာရှိများ လျှိဝှက်ပေးထား သောနာမည်ဖြစ်သည်။ မြစ်ကြီးနားကို ရောက်ဖူးသည့် အရာရှိတိုင်း သိကြ သည်။ သူကရုံးတစ်ရုံး၏ ဝန်ထမ်းဖြစ်ပြီး ပုရိသများကို ဆွဲဆောင်နိုင်သည့် အလှများ ပြည့်စုံစွာ ပိုင်ဆိုင်ထားသည်။ လှသည် လွယ်သည် သိုသော် လည်သည်ပေါ့။ သူ့တွင်ချစ်သူရည်းစားတစ်ယောက် အနားမှာ အမြဲရှိနေတတ်သည်။ သို့သော် သူ့ချစ် သူများသည် မကြာခဏ ပြောင်းနေတတ်သည်။ တူတာ တစ်ခုကတော့ သူ၏ချစ်သူအားလုံးသည် တပ်မတော် အရာရှိများ ဖြစ်နေ ခြင်းပင်။ ကြည်းတပ်နှင့်လေတပ်မှ အရာရှိများဆိုလျင် သူ၏ချစ်သူဖြစ်ခွင့်ရကြသည်။ ဒါတောင် မြစ်ကြီးနားမှာ ရေတပ်မှအရာရှိတွေရှိမနေလို့။ ရှိလို့ကတော့ ကြည်းရေလေ စုံသွားမှာပါ။ နိုင်ငံတော်ကို ကာကွယ်နေကြသည့် အရာရှိများကိုသာ ချစ်သူအဖြစ် ရွေးချယ်နေသူ ဖြစ်လို့ အကြောင်းသိများက “နိုင်ငံတော်ခင်စိန်” ဟု သူ့ကို အမည်ဝှက်ဖြင့် ခေါ်ခြင်းလည်း ဖြစ်မည်။ သူ့နာမည်မှာ ခင်စိန်ဆိုတာ မပါ ရှိပါ။ အရင်ကနာမည်ကြီးခဲ့သော “အောင်လံတော် ခင်စိန်”ကို ဂုဏ်ပြုသောအားဖြင့် ” နိုင်ငံတော်ခင်စိန်”ဟု ခေါ်ကြခြင်းလည်းဖြစ်ပေမည်။ နိုင်ငံတော်ဟေ့ဟု ဆိုလိုက်တာနဲ့ အရာရှိများကလည်း မသိမရှိ။ နိုင်ငံတော်မှာ စည်းတစ်ခုတော့ရှိသည်။ အရပ်သားအရာရှိများကို ချစ်သူအဖြစ် မရွေးချယ်ခြင်းသည် သူ၏စည်းပင်ဖြစ်သည်။ ဒါဆို ဘာကြောင့် စစ်ဗိုလ်တွေကို ရည်းစားအဖြစ် ထည်လဲတွဲနေရပါသလဲ။ ထိုစဉ်က အရာရှိများကနည်းပြီး အလုပ်တာဝန် များပြားကြသဖြင့် မြစ်ကြီးနားမြို့ပေါ်ကို ခဏတဖြုတ်သာ ဝင်နားကြရသည်။ ရောက်လာသူက နိုင်ငံတော် ဆီ အခစားဝင်ကြသည်။ အရာရှိများသာ တာဝန်တွေနဲ့ ပျားပန်းခပ်လှုပ်ရှားနေကြပေမဲ့ နိုင်ငံတော်အနားမှာတော့ ချစ်သူ တစ်ယောက် အမြဲရှိနေတာကို တွေ့ရမှာဖြစ်သည်။ နိုင်ငံတော်ခင်စိန်အကြောင်း တွေးနေရာမှ ဗိုလ်ဌေးဝင်းအတွက် စိတ်ပူသွားရပြန်သည်။နိုင်ငံတော်နဲ့ ဗိုလ်ဌေးဝင်းတို့ ဘယ်လိုများသွားတွေ့ ကြတာလဲ။ နိုင်ငံတော်အကြောင်းကို ဗိုလ်ဌေးဝင်း မသိဘူးလားပေါ့။