နွေရာသီမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ Heat Stroke မဖြစ်အောင်…

နွေအပူဒဏ်ကို အလူးအလဲ ခံရတာက သက်ရှိတိုင်းလိုလိုပါ။ ဒီလို အပူဒဏ်ကို သက်ရှိတိုင်း အလူးအလဲ ခံစားနေရချိန်မှာ အသက်အရွယ်ကြီးရင့်တဲ့ ဘိုးဘိုးဘွားဘွားတွေရော ဘေဘီပေါက်စလေးတွေအပြင် အပြင်ကနေပြန်လာတိုင်း ကိုယ်တွေကို အပြေးအလွှား ပြာပြာသလဲ ဆီးကြိုတတ်တဲ့ ပါပီ၊ ပူစီလေးတွေ က အပူဒဏ်ကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။

လူတွေမှာပဲ နွေအပူချိန် ပြင်းလို့ အပူလျှပ်တတ်တာ မဟုတ်ဘဲ သူတို့လေးတွေမှာလည်း နွေရာသီ အပူပြင်းချိန်မှာ အပူလျှပ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုနွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေ ကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ

နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

သူတို့လေးတွေလည်း နွေအပူဒဏ်ကို အလူးအလဲ ခံကြရပါတယ်

နွေအပူဒဏ်ကို လူတွေပဲ ခံရတာ မဟုတ်ပါဘူး။ ပူစီလေးတွေနဲ့ ပါပီလေးတွေလည်း အလူးအလဲ ခံစားကြရပါတယ်။ နွေအပူချိန် ပြင်းထန်မှုကြောင့် သူတို့လေးတွေမှာ အပူလျှပ်တာကစလို့ ကိုယ်တွင်းမှာ ရေဓာတ် ဆုံးရှုံးတာ၊ အစာခြေစနစ် ပြဿနာ စတာတွေကို ခံစားရနိုင်ပါတယ်။

ခွေးလေး ကြောင်လေးတွေက အပူလျှပ်တတ်လား ……..

ခွေးလေး ကြောင်လေးတွေက အပူလျှပ် တတ်ပါတယ်။ အပူချိန်ကို ပြင်းပြင်းထန်ထန် ခံစားရတာက သူတို့လေးတွေကိူ အပူလျှပ်စေတဲ့ အကြောင်းအရင်းပါ။ သူတို့လေးတွေရဲ့ ကိုယ်အပူချိန်က ၁၀၀ ကနေ ၁၀၂.၂ ဒီဂရီ ဖာရင်ဟိုက် ရှိနေပြီဆိုရင်တော့ ပါပီ၊ ပူစီလေးတွေ က အပူလျှပ်နေတာပါ။

သူတို့လေးတွေမှာ ချွေးဂလင်းတွေက နည်းနည်းပဲပါတာကြောင့် လူတွေလို ကိုယ်တွင်းအပူချိန်ကို ချွေးထွက်တာကနေ လျှော့ချလို့ မရပါဘူး။ ဒါ​ကြောင့် ခန္ဓာကိုယ် အပူချိန်က လျင်မြန်စွာ မြင့်တက်လာပါတယ်။ သူတို့လေးတွေရဲ့ ကိုယ်တွင်းအပူချိန်ကို အဓိကလျှော့ချပေးနိုင်တာကတော့ သူတို့လေးတွေရဲ့ ပါးစပ်ကိုဟပြီး လျှာကို ထုတ်ထားတာက ခံတွင်းကို စိုစွတ်စေပြီး ကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။

ဘယ်လို အခြေအနေတွေက ပါပီလေးတွေ နဲ့ ပူစီလေးတွေကို အပူလျှပ်စေတာလဲ ……..

များသောအားဖြင့်ကတော့ နေပူနေချိန် အပြင်မှာ အချိန်ကြာမြင့်စွာ ထားတာက သူတို့လေးတွေကို အပူလျှပ်စေတာပါ။ ဒါ့အပြင်

  • အပူချိန်က နည်းနေပေမယ့် လေထုထဲမှာ စိုထိုင်းဆ များနေတာ
  • တစ်ချိန်လုံး မနားတမ်း ဆော့နေတာ
  • သောက်ရေ လုံလုံလောက်လောက် မသောက်ရတာ
  • နေပူနေချိန် လေဝင်လေထွက် မကောင်းတဲ့ အလုံပိတ်နေရာမှာ နေနေတာ
  • ကားထဲမှာ အလုံပိတ်ထားခဲ့မိတာတွေကြောင့် ပါပီလေးတွေနဲ့ ပူစီလေးတွေမှာ အပူလျှပ်နိုင်ပါတယ်။

အပူလျှပ်တာက အသက်အန္တရာယ်ရှိစေနိုင်တဲ့ ကျန်းမာရေး ပြဿနာ ဖြစ်တာကြောင့် ကာကွယ်ပေးနိုင်ဖို့နဲ့ အချစ်တော်လေးတွေ အပူလျှပ်ရင် ချက်ချင်း လိုအပ်တဲ့ စောင့်ရှောက်မှု ပေးနိုင်စေဖို့ လက္ခဏာလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

အချစ်တော် ပါပီလေးတွေ၊ ပူစီလေးတွေ အပူလျှပ်နေတာလား …….

အခုလို လက္ခဏာလေးတွေ ခံစားနေရမယ်ဆိုရင် အချစ်တော် ပါပီလေးတွေ၊ ပူစီလေးတွေ အပူလျှပ်နေတာပါ။

  • လျှာကို ထုတ်ထားရင်း တစ်ချိန်လုံး မနားတမ်း  မောနေမယ်
  • သွားရည်တွေ ကျနေမယ်
  • အသက်ရှူရ ခက်နေမယ်
  • အန်မယ်
  • ဝမ်းသွားမယ်
  • ဝမ်းသွားသွေးပါမယ်
  • အားနည်းမယ်
  • ဟန်ချက်မညီ ဖြစ်မယ်
  • ရုတ်တရက် လဲကျမယ်
  • ရေတအား ငတ်မယ်
  • လျှာတွေ သွားဖုံးတွေ နီရဲနေမယ်
  • နှလုံးခုန် မြန်မယ်
  • တက်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဒီလို လက္ခဏာတွေ ခံစားနေရမယ်ဆိုရင် ချက်ချင်း ကုသမှု လုပ်ပေးဖို့ လိုပါမယ်။

ဘယ်သူလေးတွေက အပူလျှပ်နိုင်ခြေ ပိုများသလဲ ………

ပါပီလေးတိုင်း ပူစီလေးတိုင်း အပူလျှပ်နိုင်တယ် ဆိုပေမယ့် ဒီလို အချစ်တော်လေးတွေက အပူလျှပ်နိုင်ခြေ ပိုများလို့ သေချာလေး ဂရုစိုက်စေချင်ပါတယ်။

  • နှာခေါင်းတိုတဲ့ ပါပီလေးတွေ၊ မီးညှောင်လေးတွေ (ဥပမာ bulldog၊ pugs)
  • အသက်ကြီးတဲ့ ပါပီလေးတွေ၊ မီးညှောင်လေးတွေ
  • ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတဲ့ ပါပီလေးတွေ၊ မီးညှောင်လေးတွေ
  • နှလုံးရောဂါ ရှိတဲ့ ပါပီလေးတွေ၊ မီးညှောင်လေးတွေ
  • အဆုတ် မကောင်းတဲ့ ပါပီလေးတွေ၊ မီးညှောင်လေးတွေက နွေပူရင် အပူလျှပ်နိုင်ခြေ ပိုများတာကြောင့် အပြင်မထွက်အောင် ဂရုစိုက်ပေးပါ။

အချစ်တော်လေးတွေ အပူလျှပ်ပြီဆိုရင် ဘယ်လိုလုပ်ပေးရမလဲ …..

သူတို့လေးတွေမှာ အပူလျှပ်တာက သိပ်မပြင်းထန်ဘူးဆိုရင် လျှာထွက်ပြီး မောနေတာ၊ အန်တာတွေလိုမျိုး လက္ခဏာတွေ ပြနိုင်ပါတယ်။ ဒီလို အချိန်မှာ သူတို့လေးတွေကို

  • ရေအေးအေး တိုက်ပါ။ ရေခဲရေမဟုတ်ဖို့တော့ သတိထားပါ။
  • စအိုကနေ အပူချိန် တိုင်းပါ။ အပူချိန်က ၁၀၂.၂ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုများနေမယ်ဆိုရင် ရိုးရိုးရေထဲကို တဘက်စိမ်ပြီး သူတို့လေးတွေရဲ့ ကိုယ်လုံးကို အုပ်ထားပေးပါ။ ရေကို နည်းနည်းလောက်တော့ ညှစ်ပေးပါ။
  • လက်ဖဝါး၊ ခြေဖဝါးလေးတွေကို အရက်ပြန် ပွတ်ပေးပါ။
  • ယပ်ခတ်ပေးပါ။ ဒီလို လုပ်ပေးပြီး ၁၀ မိနစ်လောက် ကြာရင် အပူချိန် တိုင်းပေးပါ။ ဒီလိုတွေ လုပ်ပေးလို့ ပါပီလေးတွေ မီးညှောင်လေးတွေက အပူချိန် အရမ်းမပြင်းတော့ဘူးဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားပေးပါ။ ဖြစ်နိုင်ရင် အိမ်ပင့်တာက ပိုအဆင်ပြေပါမယ်။

# ဒီနေရာမှာ သတိထားရမှာက သူတို့လေးတွေကို ကိုယ်အပူချိန် ကျအောင်ဆိုပြီး ရေအေးထဲ စိမ်တာ၊ ရေအေးအေးတွေ လောင်းတာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက သွေးပေါင်ချိန် ပြောင်းလဲမှုကို ဖြစ်စေပြီး အန္တရာယ် ရှိစေနိုင်ပါတယ်။

အပူလျှပ်တာကို ဘယ်လို ကာကွယ်ပေးမလဲ ……

အပူချိန်က ၈၀ ဒီဂရီ ကျော်နေပြီဆိုရင် ပြင်ပလေထုထဲမှာ စိုထိုင်းဆ များနေတာကြောင့် သူတို့လေးတွေ အပူလျှပ်နိုင်ပါတယ်။ ဒီလို အပူလျှပ်တာကို ကာကွယ်ဖို့ဆိုရင်

  • သူတို့လေးတွေကို လူစောင့် မပါဘဲ နေပူထဲမှာ ထားခဲ့တာမျိုး မလုပ်ပါနဲ့။ အမြဲမပြတ် စောင့်ကြည့်နေပါ။
  • အိမ်ထဲမှာပဲ အဲယားကွန်းနဲ့ ထားပေးပါ။
  • လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ထားပေးပါ။
  • နေပူနေချိန်မှာ လမ်းလျှောက် မထွက်ပါနဲ့။
  • မနက်အစောပိုင်း နဲ့ ညနေစောင်းမှ ခဏလောက်ပဲ လမ်းလျှောက်ထွက်ပါ
  • ကားထဲမှာ ထားခဲ့တာမျိုး မလုပ်ပါနဲ့။
  • သန့်ရှင်းတဲ့ ရေများများ သောက်ဖြစ်အောင် ဂရုစိုက်ပေးပါ။
  • မလိုအပ်ဘဲ အဝတ်တွေ ဝတ်ပေးထားတာမျိုး မလုပ်ပါနဲ့။
  • အပေါ့အပါး သွားတာလောက်အတွက်ပဲ အပြင်ပေးထွက်ပါ။

# နွေအပူမှာ သူတို့လေးတွေ မပင်ပန်းစေဖို့အတွက် အမွေးရိတ်မလား

လူတွေကတော့ ဆံပင်တိုတို ညှပ်လိုက်ရင် အပူသက်သာတယ် ဆိုပေမယ့် သူတို့လေးတွေကို နွေပူနေချိန်မှာ အမွေးတိပေးလိုက်တာ၊ အမွေးရိတ်ပေးလိုက်တာ၊ ညှပ်ပေးလိုက်တာက အပူမသက်သာစေပါဘူး။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ခံနိုင်ရည်တောင် နည်းစေပါတယ်။

တကယ်ကတော့ သူတို့လေးတွေက အပေါ်မှာ ပြောခဲ့သလို ချွေးဂလင်း နည်းနည်းပဲပါတာကြောင့် ခန္ဓာကိုယ်မှာ ချွေးထွက်တာကြောင့် ကိုယ်အပူချိန်ကို မလျှော့ချနိုင်ပါဘူး။ သူတို့လေးတွေရဲ့ ကိုယ်အပူချိန်ကို အဓိက လျှော့ချပေးတဲ့ အစိတ်အပိုင်းလေးက နားရွက်၊ မျက်နှာ၊ ပါးစပ်နဲ့ လျှာပါ။ နောက်ထပ် အစိတ်အပိုင်းလေးကတော့ ခြေဖဝါး၊ လက်ဖဝါးလေးတွေပါ။

ဒါကြောင့် နွေပူပူမှာ သူတို့လေးတွေ အရမ်းမပူစေဖို့ဆိုရင် တစ်ပတ် ၂ ကြိမ်လောက် ရေချိုးပေးတာက အဆင်ပြေပါတယ်။ အမွေးလေးတွေက ခန္ဓာကိုယ်ကို အပူအအေးမျှအောင် ထိန်းထားပေးတာဖြစ်တာကြောင့် မရိတ်ပစ်ပါနဲ့လို့ အကြံပြုပါရစေ။ သေချာလေးတော့ ဖြီးသင်ရှင်းလင်းပေးဖို့ လိုပါမယ်။