နေ့တိုင်းဟာ Self-Healing Day ပါပဲ…

လူ့ရဲ့စိတ်ဟာ မျောက်စိတ်လိုဖြစ်နေတဲ့အတွက် နေ့စဥ် ကိုယ့်စိတ်နဲ့ ကိုယ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေကြတဲ့လူတွေချည်းပါပဲ။ ရံဖန်ရံခါ ဖြစ်ပြီးခဲ့တဲ့ အနာတွေကိုပြန်စွမိလိုက်၊ ဒေါသတွေထွက်မိလိုက်၊ အလိုမကျဖြစ်လိုက်၊ နောင်တတွေရလိုက်နဲ့ အမျိုးစုံဖြစ်နေကြလို့ ကျနော်တို့မှာနေ့စဥ် အမြဲကုစားနေဖို့လိုတယ်ဆိုတာကို မီးမောင်းထိုးပြချင်တာပါပဲ။ ဘာကြောင့်လဲဆိုလို့ရှိရင် ဖြစ်ခဲ့တဲ့အရာတွေတိုင်းကို တခါပဲ ကုစားပြီး တဘ၀တာ အလုံးစုံပျောက်သွားမှာ မဟုတ်တဲ့အတွက် နေ့တိုင်း မိမိကိုယ်ကို ကိုယ်တိုင် self-healing လုပ်နေဖို့ လိုတာဖြစ်ပါတယ်။ ဒီလို လုပ်တဲ့အခါ ဘယ်လိုစလုပ်လို့လုပ်ရမလဲဖြစ်နေကြပါတယ်။
ဒါကြောင့်လူတိုင်း အနည်းနဲ့အများမိမိကိုယ်တိုင် self-healing လုပ်နိုင်ဖို့ ကျနော်စုဆောင်းထားတဲ့ ဒီအချက်လေးတွေကို မျှ၀ေပေးချင်ပါတယ်။

ပထမအချက်ကတော့ မိမိကိုယ်ကို acceptance နားလည်လက်ခံခြင်းပါပဲ။ ကိုယ်ကဘယ်သူဘယ်၀ါဖြစ်နေပါတယ်, ကိုယ့်ရဲ့အခြေအနေတွေကို။ အဓိက မကြေမချမ်း ဖြစ်နေရတာတွေက ကိုယ်ကဖြစ်ခဲ့တဲ့အရာတွေကို လက်ခံနိုင်စွမ်းမထားနိုင်သေးတာ၊ ဒီလို မဖြစ်ခဲ့ရမှာ၊ နောင်တတွေ၊ သောကတွေစတဲ့ ဗျာများခြင်းတွေကို နားလည်လက်ခံလိုက်ခြင်းဖြင့် ကုစားသွားနိုင်ပါလိမ့်မယ်။ ဒီလိုလုပ်နိုင်ဖို့ ဘေးကလူတွေနဲ့ နှိုင်းယှဥ်ခြင်းတွေ၊ မဖြစ်နိုင်တာတွေကို တောင်းတခြင်းတွေကို လက်လွတ်ရပါလိမ့်မယ်။ ကိုယ်နဲ့ကိုယ် လက်ခံတတ်လာအောင် ကျင့်ကြံပြီးနေထိုင်သွားနိုင်ရင် ကုစားဖို့နောက်ထပ်တဆင့်နီးစပ်သွားပါပြီး။

ဒုတိယအချက်ကတော့ မိမိကိုယ်ကို self-compassion ချစ်ခင်နှစ်သက်ဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့မြင်ယောင်ကြည့်ပါ။ ကိုယ်မဟုတ်ပဲ လူတစ်ယောက်ရဲ့အနောက်ကျောမှာ “မင်းကအသုံးမချဘူး” ဆိုပြီး သွားပြီး စာကပ်လို့ရဲလား? ကိုယ့်ဘေးကလူတွေကို မင်းက ဒီလောက်တောင်မလုပ်နိုင်ဘူးလား? စသဖြင့်ဖြင့် အနှုတ်သဘောဆောင်တဲ့ စကားတွေပြောဖို့ အရမ်း၀န်လေးမိမှာသေချာပါတယ်။ ပြောလို့လဲ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ပြောနေတဲ့ စကားတွေကျတော့ အစောကစကားတွေကို ထပ်ခါတလဲလဲပြောနေကြမိမယ်ထင်ပါတယ်။ ဒီတော့ ဘာတွေပဲဖြစ်နေမလဲဆိုရင် ပိုပြီး ဒီသံသရာထဲ၀ဲလည်လည်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ကိုယ်နဲ့ကိုယ်ပြန်ပြီး ငြိမ်းချမ်းရေးယူရပါလိမ့်မယ်။ ဒါမှလဲ ကိုယ့်ကိုယ်ကိုပိုပြီးယုံကြည်မှုတွေတိုးလာမယ်။ အမှားလုပ်မိတဲ့အခါမှာလဲ ကိုယ့်ကိုယ်ကို အကျိုးမဖြစ်ထွန်းတဲ့စကားတွေမပြောမိဖို့လိုပါလိမ့်မယ်။

တတိယအချက်ကတော့ တကိုယ်ရည်ကျန်းမာရေးဂရုစိုက်တတ်ခြင်းပါပဲ။ ကိုယ့်ရဲ့ နေ့စဥ်ဘ၀မှာဘာတွေကိုစားသောက်နေတာလဲ၊ ဘယ်လိုနေထိုင်မှုတွေရှိနေတာလဲ ဆိုတာပါပဲ။ ပုံမှန်အိပ်ချိန်မှန်လား၊ ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကိုစားသုံးနေလား၊ စတဲ့အချက်တွေကိုပြန်ကြည့်ဖို့လိုပါမယ်။ အကယ်၍ကိုယ်ကနေ့တဓူ၀မှာ အိပ်ရေးမ၀နေဘူးဆိုရင် စိတ်ညစ်စေတဲ့ ဟော်မုန်းတွေများလာမယ်၊ ပြီးရင်စိတ်မကြည်မလင်ဖြစ်ပြီး ခံစားမှုပိုဆိုးလာနိုင်တယ်။ အိပ်ရေး၀တဲ့နေ့နဲ့ မ၀တဲ့နေ့ကိုယ်ကြုံဖူးရင်သိနိုင်မှာဖြစ်တယ်။ အိပ်ရေး၀ရင် လူကပိုပြီးလန်းနေတယ်၊ ခံစားချက်ကလဲကောင်းမယ်၊ အထူးသဖြင့်အာရုံကြောအားနည်းနေရင်လည်းပိုပြီး အတွေးလွန်တာတွေရှိနိုင်မယ်၊ screen time ကိုလျှော့သုံးရလိမ့်မယ်။

နောက်ထပ်အချက်ကတော့ မိမိကိုယ်ကိုယ်ခွင့်လွတ်ခြင်းပါပဲ။ ခွင့်လွတ်တာဟာကိုယ့်ဘေးကလူတွေကိုချည်းမဟုတ်ပဲ၊ မိမိကိုယ်တိုင်လဲပါ၀င်ပါတယ်။ အထူးသဖြင့် ကိုယ့်အနေနဲ့ ဖြစ်ခဲ့တဲ့အမှားတွေအပေါ် ခွင့်မလွတ်နိုင်ပဲ ဒီနေ့ထိသယ်နေတုန်းဆိုရင်တော့ ပြန်ပြီးသုံးသပ်ဖို့လိုလာပါပြီး။ ဒီအချက်ကလဲ ကိုယ့်ကိုရှေ့ဆက်နိုင်ဖို့ခက်ခဲ စေပါလိမ့်မယ်။

နောက်ဆုံးအချက်အနေနဲ့ လူတွေရဲ့ အမြင်တွေနဲ့ တံဆိပ်ကပ်ခြင်းတွေကိုအာရုံမစိုက်ဖို့လိုပါလိမ့်မယ်။ ကိုယ့်အနေနဲ့ သူတို့ကို အထင်ကြီးအောင်လဲလုပ်စရာမလိုဘူး၊ ကိုယ့်ရဲ့ သွားနိုင်တဲ့နှုန်းနဲ့ သွားနေဖို့လိုတယ်။ ကိုယ့်ရဲ့ chapter ကို သာ အာရုံစိုက်ပြီး တနေ့ချင်းစီတိုးတက် အောင်လုပ်နေဖို့လိုတယ်။ လူတွေကိုလဲ အရေးယူပြီး သူတို့ကြိုက်နေအောင် နေဖို့မလိုပါဘူး။

ပြန်ချုပ်ရရင်တော့ နေ့တိုင်းဟာ ကုစားမှုတွေလုပ်နေကြရလို့ ရပ်တန့်မသွားပါဘူး။ တနေ့ ကိုယ်မိနစ်အနည်းငယ်ခန့် ဂျာနယ်ရေးတာ၊ တရားထိုင်တာတွေလုပ်နိုင်ပါတယ်။ တဆက်ထဲ နောက်ပြီး စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပင်မှုတွေကိုလျှော့ချနိုင်အောင် အသက်ကိုပြင်းပြင်းရှုပြီး ၀င်လေထွက်လေမှန်မှန်လုပ်ကာ အခြေအနေတွေကိုပုံမှန်ဖြစ်လာအောင်ပြုလုပ်နိုင်ပါတယ်။ တနေ့နည်းနည်းခြင်းဆီ ကိုယ်စိတ်နှလုံး ပေါ့ပါးစွာနဲ့ နေထိုင်သွားနိုင်ဖို့လိုအပ်ပါတယ်။