နေတိုးရဲ့ Link 22 နဲ့ အမေရိကန် ပင်လယ်ပြင်စောင့်ကြည့်ရေး ဒရုန်းသုံးဖို့ ထိုင်ဝမ်ကြိုးစားနေ

မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)အဖွဲ့ရဲ့ Link 22 နည်းဗျူဟာသုံးဆက်သွယ်ရေးစနစ်ကို ထိုင်ဝမ်က ဝယ်ယူခြင်းဖြင့် ကျွန်းကာကွယ်ရေးယန္တရား အားကောင်းလာစေဖို့ မြှင့်တင်ခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ထံမှ အဆင့်မြင့်ထောက်လှမ်းရေးနဲ့ ကင်းထောက်ဒရုန်း ၄ စင်းကို ထပ်မံဖြည့်စွက်ဖို့ စီစဉ်ထားတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ကျွန်းကို အဆင့်မြင့် data link နဲ့ ရေဒီယိုစနစ်တွေ ရရှိရန် အမေရိကန် ကူညီမယ်လို့ ထိုင်ဝမ်အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဒေါ်လာ သန်း ၆၀၀ သဘောတူညီချက်ကို ထိုင်ဝမ်က အတည်ပြုပြီးနောက် အားကောင်းတဲ့ MQ-9B ပင်လယ်ပြင်စောင့်ကြည့်ရေး ဒရုန်းတွေကို လာမယ့် ၂၀၂၅ ခုနှစ်ကျရင် ရရှိဖို့ မျှော်လင့်ထားပါတယ်။