နိုဝင်ဘာ ၂ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၁ ရက် ၁၃၃၀ နာရီတွင် ပုလောမြို့နယ်၊ ပလောက်မြို့နေ ဦးအောင်ငွေစိုး၊ ဓနတိုးကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်သည့် Dong Feng (အဖြူရောင်) ၂၂ ဘီးဆီသယ်ယာဉ် ၂ စီးအား ယာဉ်မောင်း လပြည့်ထွန်း၊ ကျော်ထူးအောင်တို့မှ မောင်းနှင်၍ ထားဝယ်မြို့မှ မြိတ်မြို့သို့ ထွက်ခွာလာစဉ် ပုလောမြို့နယ်၊ ကဒဲကျေးရွာအုပ်စု၊ ကဒဲလမ်းဆုံ အရောက်၌ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) အင်အား ၃၀ ဦးခန့်မှ ယာဉ်အား ဖမ်းဆီး၍ ကဒဲကျေးရွာဘက်သို့ ယူဆောင်သွားခဲ့ကြောင်းသိရှိရ။

-နိုဝင်ဘာ ၁ ရက် ၁၁၃၀ နာရီတွင် ကောလင်းမြို့၊ ကျော်ဇေယျာ(၁)ရပ်ကွက်၊ ဝါးရုံတုံးရပ်နေ ဦးသက်နိုင် (၆၃)နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့ဝင် ၈ ဦးမှ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဦးသက်နိုင် အား ဖမ်းဆီး၍ အင်းဗုတ်ကုန်းကျေးရွာ၊ ဝန်းသိုမြို့နယ်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁ ရက် ၁၀၃၀ နာရီတွင် တီးတိန်မြို့၊ မြို့မရပ်ကွက်နေ ဦးဒိုးရှန်းမုန်(၃၃)နှစ် သည် တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာရှိ ဦးလေးဖြစ်သူ၏နာရေးသို့ သွားရောက်ရန် နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဆိုင်းဇန်ကျေးရွာအနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့ဝင် ၇ ဦးခန့်မှ တားဆီးစစ်ဆေးကာ ၎င်းအား ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁ ရက် ၁၆၀၀ နာရီတွင် ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ဒေသအခေါ် တောတိုက်သို့ PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) အင်အား ၃၀ ဦးခန့်မှ လက်လုပ်သေနတ်များ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ၎င်းတောတိုက်နေ ဦးဝင်းအောင် ပိုင်ဆိုင်သည့် ပျဉ်ခင်း၊ ထရံကာ၊ သွပ်မိုးနေအိမ်အား မီးရှို့ ဖျက်ဆီးခဲ့ပြီး မိသားစု ၃ စုမှ ဦးဝင်းအောင် အပါ ကျား ၆ ဦး၊ မ ၅ ဦး၊ ပေါင်း ၁၁ ဦး၊ ၎င်းတို့ပိုင်ဆိုင်သည့် နွား ၄၀ ကောင်တို့အား ဖမ်းဆီး၍ မကျီးတုံကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဒေသအခေါ် ကံကြီးသျှို ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁ ရက် ၁၆၃၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာနေ ခင်မာနွယ်(၃၀)နှစ်နှင့် ဒေါ်ခင်နွဲ့(၅၅)နှစ်တို့  ၂ ဦးသည် ၎င်းတို့၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိ လာပြီး ဓားဖြင့်ခုတ်သတ်ခဲ့ရာ ခင်မာနွယ်တွင် ဦးခေါင်းပြတ်ဒဏ်ရာ၊ ဒေါ်ခင်နွဲ့တွင် လည်ပင်း၊ နောက်ကျော ထိုးသွင်း/ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။