နည်းပြဘဝမှာ အောင်မြင်နေရတဲ့ အကြောင်းအရင်းကိုပြောပြလာတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် နည်းပြဘဝ၌ အောင်မြင်မှုများရရှိနေခြင်းမှာ လူငယ်ကစားသမားဘဝတွင် ဘာစီလိုနာအကယ်ဒမီက ရိုက်သွင်းပေးခဲ့သည့်စိတ်ဓာတ်ကြောင့်ဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၅၂)နှစ်အရွယ် စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာသည် ၂၀၀၈ ခုနှစ်တွင် ဘာစီလိုနာအသင်းကို စတင်ကိုင်တွယ်ကာ နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။

ယင်းနောက် ဂွါဒီယိုလာသည် သူ၏နည်းပြဘဝတွင် ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့ပြီး လက်ရှိ မန်စီးတီးအသင်းကိုမူ ၂၀၁၆ ခုနှစ်မှစတင်ကာ ကိုင်တွယ်နေခြင်းဖြစ်သည်။

ဂွါဒီယိုလာသည် နည်းပြဘဝ (၁၆)နှစ်တာ ကာလအတွင်း ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးအသင်းတို့နှင့်အတူ ဆုဖလားပေါင်း (၃၇)လုံးအထိ ရယူထားသည်။

ဂွါဒီယိုလာအနေဖြင့် တစ်နှစ်လျှင် ဆုဖလား (၂)လုံးနှင့်အထက် ရရှိအောင် စွမ်းဆောင်ထားနိုင်ခြင်းလည်းဖြစ်သည်။

၎င်း၏ နည်းပြဘဝအောင်မြင်မှုများနှင့်ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာက ”ဘာစီလိုနာ၊ ဘိုင်ယန် နဲ့ မန်စီးတီးတို့က ဘဏ္ဍာရေးတောင့်တင်းပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ဝယ်နိုင်စွမ်းရှိတယ်။ ဒါကြောင့် အသင်းကိုတည်ဆောက်ရတာ လွယ်ကူတယ်။ ကျွန်တော်ဟာ ဘာစီလိုနာအကယ်ဒမီမှာ အသက်(၁၃)နှစ်လောက်ကတည်းက ရှုံးနိမ့်မှုကိုလက်မခံတဲ့ စိတ်ဓာတ် ရိုက်သွင်းခံခဲ့ရတယ်။ ဒါက ကျွန်တော့်အသွေးအသားထဲထိ စီးဝင်သွားပုံပါပဲ”ဟု ပြောကြားခဲ့သည်။