နစ်မြုပ်နေမည့် ကုန်တင်ရေယာဉ်ကို တပ်မတော်(ရေ)မှ ကူညီနိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြိုအနီး ဟိုင်းကြီးကျွန်း အနောက်တောင်ဘက် (၁၀) မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်၌ စက်တင်ဘာ (၁၀) ရက်၊ ည (၁၁) နာရီခန့်တွင် ရေဝင်တိမ်းစောင်းပြီး နစ်မြုပ်မည့်အရေးနှင့် ကြုံတွေ့နေရသည့် ဘိလပ်မြေ တန်ချိန် ၄၀၀၀ ပါ ကုန်တင်ရေယာဉ်ကို တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်တင်ရေယာဉ်မှာ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် MV ရွှေအိမ်သည်အမည်ရှိ ကုန်တင်ရေယာဉ်ဖြစ်ကြောင်းသိရပြီး ရာသီဥတုဆိုးရွားကာ လှိုင်းလေပြင်းထန်ခြင်းကြောင့် ရေယာဉ်ပေါ်တွင် တင်ဆောင်လာသော ဘိလပ်မြေအိတ် တန် (၄၀၀၀) ခန့်မှာ ရွေ့လျား၍ ရေယာဉ်တိမ်းစောင်းကာ စက်ခန်းအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖြစ်ပေါ်နေသည်ကို တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကတွေ့ရှိ၍ စက်လှေ၏ စက်ခန်းအတွင်း ရေဝင်ရောက်မှုကို ရေစုပ်ထုတ်ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။