ဒေသခံပြည်သူများအား တပ်ဖွဲ့ဝင်များမှ  ရိုက်နှက်၍ ဖမ်းဆီးသွားခဲ့ကြောင်း မဟုတ်မမှန် ရေးသားလျက်ရှိ

မြိတ်မြို့နယ် လသာကျေးရွာနှင့် တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာအနီးတွင် မေလ ၂၀ ရက်နေ့က ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ  ၆ ဦး ရိုက်နှက် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် စာမျက်နှာ ပေါ်တွင် မဟုတ်မမှန် စွပ်စွဲရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ မြိတ်မြို့နယ် လသာကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက အဝေးမှ ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ  အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် ဒေသခံပြည်သူတစ်ဦး တစ်ယောက်မျှ ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ထို့သို့ အကြမ်းဖက်သမားများ၏ ချောင်းမြောင်းပစ်ခတ်ခဲ့သည့် ဖြစ်စဉ်အပေါ် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားကာ လှုံ့ဆော်ဝါဒဖြန့်ဝေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။