ဒီဇင်ဘာ ၁၂ ရက်နေ့မှုခင်းသတင်းများ

-ဒီဇင်ဘာ ၁၁ ရက် ၁၇၃၀ နာရီတွင် ဝက်လက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတာဝန်ခံ ဦးစောမြင့်(ခ)ဦးစော (၅၄)နှစ်၊ အမှတ်(၁)ရပ်ကွက်၊ ဝက်လက်မြို့နေသူ၏ဇနီးဖြစ်သူ ဒေါ်ခိုင်ရည်မွန်ထွန်း(၄၀)နှစ်သည် ကျန်းမာရေး မကောင်းသဖြင့် မန္တလေးမြို့သို့ ဆေးခန်းပြရန်အတွက် ဆိုင်ကယ်ဖြင့် ဝက်လက်မြို့မှ ထွက်ခွာလာစဉ် ခေါတောကျေးရွာအနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီး၍ မူးကြီးကျေးရွာဘက်သို့ ခေါ်ဆောင်သွား ခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၁ ရက် ၁၈၃၀ နာရီတွင် စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာအား KIA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့သည် ဟင်္သာမကျေးရွာဘက်မှ လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံးဖြင့်လည်းကောင်း၊ ရေလယ်မှော်ကျေးရွာဘက်မှ လက်လုပ်ရှော့တိုက်ဒုံး ၄ လုံးဖြင့်လည်းကောင်း၊ ပွိုင့်(၁၀၈)တောင်ကုန်းဘက်မှ Drone ၃ စင်းဖြင့် Drop Bomb ၄ လုံးအားလည်းကောင်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်အဖွဲ့ထံမှ Drone ၁ စင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၁ ရက် ၁၆၃၀ နာရီတွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအား အကြမ်းဖက်အဖွဲ့သည် ငတက်အိုင်ကျေးရွာဘက်မှ ၆၀ မမ ဗုံးသီး ၁ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ရဲစခန်း၏အရှေ့ မြောက် ဘက် ချောင်းကြီးချောင်းဘေးတွင် သဲတင်နေသည့် ထော်လာဂျီအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ချောင်းကြီး ကျေးရွာနေသူများဖြစ်သည့် ဦးမြင့်ဦး(၅၄)နှစ်တွင် နောက်ကျောဗုံးစထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး မိုးမိုးဆန်း(၃၀)နှစ်တွင် ဝမ်းဗိုက်၊ ယာပေါင်ဗုံးစထိမှန်ဒဏ်ရာ၊ သဲနုဝေ(၂၃)နှစ်တွင် ဝဲလက်ဖျံ၊ ဝဲပုခုံး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် သေဆုံး/ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၁ ရက် ၁၄၅၅ နာရီတွင် သထုံမြို့၊ နန်းခဲရပ်ကွက်၊ ဘုံကျောင်းလမ်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်စဉ်မှာဘုံကျောင်းလမ်းရှိ ဦးယုဝိန်(ကွယ်)နှင့် ဒေါ်ကျင်သစ်(ခ) ဒေါ်လုံး(ယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီးမိဘ) နေအိမ်ခြံဝင်းဝင်ပေါက်၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အလျား ၁၂ ပေ၊ အနံ ၆ ပေရှိဝင်းခြံတံခါးနှင့် အုတ်တံတိုင်းပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၁ ရက် ၁၇၁၅ နာရီတွင် သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာ၊ ထားဝယ်-မြိတ်ကားလမ်း၊ ဝင်းဝတံတားအနီးတွင် အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်၍ မိုင်းထောင်ရန်ဆောင်ရွက်စဉ် M2 မိုင်း ၁ လုံး အား နင်းမိပေါက်ကွဲခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင် ကျား ၁ ဦး (၃၄)နှစ်ခန့်တွင် ဝဲ/ယာဒူးအောက်ပိုင်း ကြေမွဒဏ်ရာဖြင့် ဖြစ်စဉ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်းထံမှ ဘီအေ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ ၂၀ ပေခန့်ရှိ နီ/နက်ဝါယာကြိုး ၁ ခွေ၊ ဆိုင်ကယ်ဘက်ထရီ ၁ လုံး၊ (လိုင်စင်မဲ့)ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၁ ရက် ၁၄၀၅ နာရီတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ မကွေးလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံး ခြံစည်းရိုးအနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ခြံစည်းရိုးဘေးရှိ မြက်ခင်းပေါ်၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ခြံစည်းရိုးကာရံထားသည့် သွပ်ပြားအဟောင်း ၃ ချပ်ပေါက်ပြဲခဲ့ကြောင်းနှင့် လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရ။